ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရဲ့ ပင်လယ်အော်မှာ ပထမဆုံး ကမ်းရိုးတန်းစောင့်တပ် ပူးတွဲလေ့ကျင့်မှု စတင်ဖို့ သြဂုတ် ၅ ရက်က ဗီယက်နမ် သင်္ဘောတစ်စင်း ရောက်ရှိလာပါတယ်။
သြဂုတ် ၉ ရက်မှာ ပြုလုပ်မယ့် စစ်ရေး လေ့ကျင့်မှုဟာ တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းအချို့ကို တရုတ်နိုင်ငံနဲ့ အပြိုင်အဆိုင် တောင်းဆိုထားပြီး အငြင်းပွားနေတဲ့ ရေလမ်းကြောင်းမှာ တရုတ်ကမ်းရိုးစောင့်တပ်နဲ့ အချင်းများနေတဲ့ အရှေ့တောင်အာရှ နိုင်ငံနှစ်ခုကြား ပထမဆုံး ပူးပေါင်းပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှု ဖြစ်လာမှာပါ။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာရဲ့ ဇန်နဝါရီလအတွင်း ဗီယက်နမ်ကိုသွားတဲ့ နိုင်ငံတော်ခရီးစဉ်အတွင်း မနီလာနဲ့ ဟနွိုင်းတို့ဟာ ကမ်းခြေစောင့်တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ တောင်တရုတ်ပင်လယ်အတွင်း ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို တားဆီးဖို့ သဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ငါးရက်ကြာ ဆိပ်ကမ်းအလည်အပတ် ခရီးစဉ်အတွင်း ဗီယက်နမ်ရဲ့ ကမ်းခြေစောင့်သင်္ဘောတစ်စင်းဟာ ဖိလစ်ပိုင်ရဲ့ ၈၃ မီတာရှည်လျားတဲ့ ကမ်းလွန် ကင်းလှည့် သင်္ဘောတစ်စင်းနဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
သောကြာနေ့မှာ ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှု မှာ ရှာဖွေကယ်ဆယ်ရေး၊ မီးဘေးနဲ့ ပေါက်ကွဲမှုကာကွယ်ရေးတို့ကို အဓိကထား လုပ်ဆောင်မှာဖြစ်တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။