ဖိလစ်ပိုင် သမ္မတ မားကို့စ်ကို လုပ်ကြံရန် ကြံစည်မှု ၊ ကြီးမားတဲ့ အကျင့်ပျက်ခြစား မှု နဲ့ တောင်တရုတ်ပင်လယ်တွင်းက တရုတ်ရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်မှုတို့နဲ့ ပတ်သက်ပြီး ဥပဒေပြုအမတ်တွေက ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို စွပ်စွဲပြစ်တင်လိုက်ပါတယ်။ အဲဒီစွပ်စွဲပြစ်တင်မှုကို သမ္မတ ဖာဒီနန် မားကို့စ်ရဲ့ အောက်လွှတ်တော်တွင်းက မဟာမိတ်အမတ်တွေက ဗုဒ္ဓဟူးနေ့မှာ ဦးဆောင်ပြုလုပ်ခဲ့တာပါ။

ဒီအတွက် သမ္မတ မားကို့စ် နဲ့ ဒုတိယသမ္မတ ဆာရာ ဒူတာတေးတို့အကြား နိုင်ငံရေးအရ သဘောကွဲလွဲမှုဟာ ပိုမိုနက်ရှိုင်းလာစေခဲ့ပါတယ်။ မားကို့စ်ဟာ ဖိလစ်ပိုင်ရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မြှင့်တင်ခဲ့ပေမဲ့ ဒုတိယသမ္မတရဲ့ ဖခင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်တုန်းကတော့ တရုတ် ၊ ရုရှားတို့နဲ့ ဆက်ဆံရေး ကေင်းမွန်အောင် အားထုတ်ခဲ့ပါတယ်။ အခုလို စွပ်စွဲပြစ်တင်မှုကို ဒုတိယသမ္မတ က ချက်ချင်း မတုံ့ပြန်ပေမဲ့ သူ့ရဲ့ အစ်ကို လွှတ်တော်အမတ် ပေါ်လို ဒူတာတေးကတော့ ဒါဟာ နိုင်ငံရေးအရ နှိပ်ကွက်မှုလို့ ပြောကြားလိုက်ပါတယ်။

ဒုတိယသမ္မတ ဆာရာ ဒူတာတေးက သမ္မတ မားကို့စ် ၊ သမ္မတ ကတော် နဲ့ မားကို့စ်ရဲ့ တစ်ဝမ်းကွဲတော်စပ်သူ အောက်လွှတ်တော် ဥက္ကဌ မာတင် ရိုမူလာဒက်ဇ် တို့ကို အကျင့်ပျက်ခြစားမှု ၊ ခေါင်းဆောင်မှု ပျော့ညံ့မှု တို့နဲ့ မကြာခဏစွပ်စွဲလေ့ရှိပါတယ်။ ဒါ့အပြင် မားကို့စ်ရဲ့ သမ္မတ သက်တမ်းကုန်ဆုံးတဲ့အခါ သူ့အနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ခြေရှိတယ်လို့ ယူဆထားတဲ့အတွက်လည်း သူ့ကို နှုတ်ဆိတ်သွားအောင် နှိပ်ကွပ်နေတယ်လို့လည်း ဆာရာ ဒူတာတေးက မကြာခဏစွပ်စွဲလေ့ရှိပါတယ်။ ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်တဲ့ အဆိုကို အောက်လွှတ်တော်မှာ အနည်းဆုံး အမတ် (၂၁၅) ယောက် လက်မှတ်ထိုးခဲ့ပြီး ဆီးနိတ်ကို ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ ဒီအတွက် ဆီးနိတ်က ဒုသမ္မတအပေါ် စွပ်စွဲပြစ်တင်မှုကို ခုံသမာဓိအဖြစ် ဆောင်ရွက်ပြီး စစ်ဆေးကြားနာသွားမှာဖြစ်ပါတယ်။