အပူပိုင်းမုန်တိုင်း ဒက်ဘီဟာ သြဂုတ် ၃ ရက် နှောင်းပိုင်းမှာ ဖြစ်ပေါ်ခဲ့ပြီး ဖလော်ရီဒါပြည်နယ်မြောက်ပိုင်း ပင်လယ် ကွေ့ကမ်းရိုးတန်းကို သြဂုတ် ၅ ရက်မှာ မဝင်ရောက်မီ ဟာရီကိန်းမုန်တိုင်းအဖြစ် အားကောင်းလာမယ်လို့ ခန့်မှန်းထားကြောင်း အမျိုးသားဟာရီကိန်းစင်တာက ပြောဆိုပါတယ်။
ဖလော်ရီဒါပြည်နယ် ကီးဝက်စ်ဒေသရဲ့ အနောက် တောင်ဘက် မိုင် ၁၀၀ အကွာမှာ တည်ရှိတဲ့မုန်တိုင်းဟာ အတ္တလန္တိတ်မှာ ရက်အတန်ကြာ လည်ပတ်ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲခဲ့ကာ နောက်ဆုံးမှာ ကျူးဘားနိုင်ငံမြောက်ပိုင်းကမ်းရိုးတန်းကို စနေနေ့ ညနေပိုင်း မှာ ရွေ့လျားသွားတယ်လို့ ခန့်မှန်းသူတွေက ပြောပါတယ်။
ကုန်းတွင်းမဝင်ခင် ဒက်ဘီဟာ ဟာရီကိန်းဖြစ်လာတော့မှာ ပိုရှင်းလင်းလာတယ်လို့ အမျိုးသားဟာရီကိန်းစင်တာ လက်ထောက်ဒါရိုက်တာက ပြောဆိုခဲ့ပြီး လူတွေဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွန်ကြားခဲ့ပါတယ်။

အပူပိုင်းမုန်တိုင်း ဒက်ဘီကြောင့် စနေနေ့ ညက ဖလော်ရီဒါပြည်နယ်၊ ကီးဝက်စ်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ရှိခဲ့ပြီး ဒီရေလှိုင်းတွေလည်း အရှိန်ရလာပါတယ်။
ဖလော်ရီဒါပြည်နယ်ရဲ့ ဘစ်ဘန်း ဧရိယာတစ်လျှောက် မုန်တိုင်းဒီရေ ၇ ပေ အထိ မြင့်တက်လာနိုင်ကြောင်း သတိပေးထားပါတယ်။ မုန်တိုင်းအရှိန် နှေးသွားရင် ဒါမှမဟုတ် ကုန်းမြေပေါ်မှာ ရပ်နေရင်း မိုးရေချိန် ၁၀ လက်မအထိ သည်းထန်စွာ ရွာသွန်းနိုင်တယ် လို့လည်း ခန့်မှန်းထားပါတယ်။