အမေရိကန် ဖယ်ဒရယ် ထောက်ပံ့ကြေးနဲ့ ချေးငွေ ပေးအပ်နေမှု အားလုံးကို ရပ်ဆိုင်းဖို့ အိမ်ဖြူတော် အသုံးစရိတ်ရေးရာ ရံးကနေ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လာတယ်လို့ အိမ်ဖြူတော် ရုံးတွင်းစာကို ကိုးကားပြီး CNN က တနင်္လာနေ့မှာ ဖော်ပြပါတယ်။

ဖယ်ဒရယ် အေဂျင်စီတွေအနေနဲ့ ဖယ်ဒရယ် ငွေကြေးအကူအညီတွေ ပေးအပ်တဲ့ ဆောင်ရွက်ချက်တွေအားလုံးကို ယာယီရပ်ဆိုင်းထားဖို့ အဲဒီအမိန့်စာမှာ ဖော်ပြထားပါတယ်။ဒါပေမဲ့ အဲဒီရပ်ဆိုင်းမှုက လူမှုဖူလှုံရေး ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်တွေနဲ့ တစ်ဦးချင်းကို တိုက်ရိက်ပေးအပ်တဲ့ အကူအညီတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ အမိန့်စာအရသိရပါတယ်။
အခုလို ဖယ်ဒရယ် ထောက်ပံ့ကြေးနဲ့ ချေးငွေတွေ ရပ်ဆိုင်းပစ်တာက ဒေသစံတော်ချိန် အင်္ဂါနေ့ ညနေ ငါးနာရီမှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး ဒေါ်လာ ထရီလီယံနဲ့ချီ အကျုံးဝင်နိုင်တယ်လို့ ယူဆရပါတယ်။ အခု လုပ်ရပ်က ထရမ့်အစိုးရဟာ ကွန်ဂရက်က အတည်ပြုပေးထားပြီးတဲ့ ရန်ပုံငွေတွေ အပါအဝင် ဖယ်ဒရယ် ရန်ပုံငွေတွေကို စိစစ် ထိန်းချုပ်ဖို့ကြိုးစားလာနေ တာကို ပြသနေပါတယ်။