တရုတ်နိုင်ငံဟာ ဘယ်နိုင်ငံရဲ့ လေပိုင်နက်ကိုမှ ကျူးကျော်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။
တရုတ်စစ်လေယာဉ်တစ်စင်းက မိမိတို့ လေပိုင်နက်ကို ချိုးဖောက်ခဲ့တယ်လို့ ဂျပန်က ပြောဆိုပြီးနောက် တစ်ရက်အကြာမှာ တရုတ်ဘက်က တုံ့ပြန် ပြောဆိုခဲ့တာပါ။
သြဂုတ် ၂၆ ရက်က တရုတ်လေတပ်ရဲ့ ဂျပန်လေပိုင်နက်ကို ပထမဆုံး ဖောက်ဖျက်မှုအဖြစ် တရုတ် Y-9 ကင်းထောက်လေယာဉ်တစ်စင်းဟာ ဒန်ဂျိုကျွန်းစုကနေ တောင်ပိုင်း ကျူရှူးကျွန်းအနောက်ဘက်ကို ပျံသန်းခဲ့တယ်လို့ ဂျပန်က ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် ဂျပန်တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ပြီး တိုကျိုမြို့ရှိ တရုတ်သံရုံးက အရာရှိတစ်ယောက်ကို ဆင့်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
လေပိုင်နက် ချိုးဖောက်မှုကို ကန့်ကွက်ခဲ့ ပြီး လုံးဝလက်မခံနိုင်ဘူးလို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှီမာဆာဟာယာရှီက ပြောပါတယ်။
သြဂုတ် ၂၇ ရက် က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လင်ကျန်းက သက်ဆိုင်ရာဌာနအနေနဲ့ ယင်းကိစ္စကို စိစစ်နေဆဲလို့ ပြောပါတယ်။
စစ်လေယာဉ်တွေ အပြင် တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာစီမံခန့်ခွဲရေးဌာနပိုင် လေယာဉ်တစ်စင်းနဲ့ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းတို့ဟာလည်း ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့က ဂျပန်လေပိုင်နက်ကို အသီးသီး ချိုးဖောက်ခဲ့တယ် လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။