စင်ကာပူခေါင်းဆောင်တွေအနေနဲ့ သန်းနဲ့ချီရှိနေတဲ့ ဝင်ငွေနည်း ပြည်ပရွှေ့ပြောင်းလုပ်သားတွေကို မျှတတဲ့ ဝင်ငွေ တစ်ခုပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း မိန့်ကြားသွားခဲ့ပါတယ်။
အာရှခရီးစဉ်ရဲ့ နောက်ဆုံးနိုင်ငံ အဖြစ် စင်ကာပူနိုင်ငံကို ကြာသပတေးနေ့က ရောက်ရှိနေစဉ်မှာ စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)မှာ ပြုလုပ် တဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေး ခေါင်းဆောင်ပေါင်း (၁၀၀၀) ကျော်တက်ရောက်တဲ့ တွေ့ဆုံပွဲမှာ မိန့်ကြား သွားခဲ့တာပါ။
သက်တော်(၈၇)နှစ်ရှိပြီဖြစ်တဲ့ ပုပ်ဖရန်စစ်က သူရဲ့ မိန့်ခွန်းအတွင်း စင်ကာပူနိုင်ငံရဲ့ အလျင်အမြန် တိုးပွားလာနေတဲ့ သက်ကြီးရွယ်အိုဦးရေ၊ အိမ်အကူဝန်ဆောင်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အများဆုံး အခြေ ပြုထားတဲ့ ရွှေ့ပြောင်းပြည်ပလုပ်သားတွေအရေးကို အာရုံထား မိန့်ကြားခဲ့ပါတယ်။
ဆင်းရဲသားတွေနဲ့ သက်ကြီး ရွယ်အိုတွေကို အထူးအာရုံစိုက်ဖို့အပြင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် ပေးကြဖို့လည်း ပုပ်က တိုက်တွန်းခဲ့ပါတယ်။
အဲဒီလုပ်သားတွေဟာ လူမှုရပ်ဝန်းကို ကြီးမားစွာ အကျိုးပြုနေတာ မလို့ မျှတတဲ့ လုပ်ခလစာနှုန်းထားတစ်ရပ်ကို အာမခံ ပေးအပ်သင့်ကြောင်းနဲ့ စင်ကာပူဒေါ်လာ (၃၀၀၀)အောက်နဲ့ အလုပ်လုပ်နေရတဲ့ ပြည်ပလုပ်သား ၁ ဒသမ ၁ သန်းကျော်ရှိနေတယ်ဆိုတာကို အစိုးရရဲ့ ဒေတာအချက်အလက် တွေမှာ ဖော်ပြထားတာကိုတွေ့ရကြောင်း မိန့်ပါတယ်။
ဒါ့အပြင် လူမျိုးစုံ ၊ ယဉ်ကျေးမှုစုံ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်နေတဲ့ စင်ကာပူနိုင်ငံကို လှပတဲ့ရောင်စုံပန်းချီကားတစ်ချပ်နဲ့ တင်စား ချီးမွမ်း ခဲ့သလို နိုင်ငံရေးခေါင်းဆောင်တွေက လူ့အဖွဲ့အစည်းအတွင်းမှာ ခြေကုပ်ယူလာနေတဲ့ အစွန်းရောက်ဝါဒနဲ့ မတူကွဲပြားမှုတွေအပေါ် သည်းမခံနိုင်မှုတွေကို တားဆီးနေတဲ့ အပေါ်မှာလည်း ချီးမွမ်းထောမနာပြုသွားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ စင်ကာပူကို ရောက်ရှိချင်းမှာပဲ သမ္မတ သာမန်း ရှန်မူဂါရတ်နမ် ၊ ဝန်ကြီးချုပ် လောရန့်စ် ဝေါင် တို့နဲ့ ပါလီမန်အဆောက်အအုံမှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။