ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ မြို့မဈေးတစ်ခုမှာ ဖေဖေါ်ဝါရီလ ၂၂ ရက်က ဓားဖြင့်တိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးပြီး ရဲအရာရှိ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေကို ကိုးကားပြီး CNN က ဖေါ်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားက လမ်းသွားလမ်းလာတွေကိုလည်း ဓားနဲ့လိုက်လံ ထိုးသတ်ခဲ့တဲ့အတွက် စည်ပင်ရဲအရာရှိတွေလည်း အများအပြား ဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန် Michèle Lutz ကပြောပါတယ်။ ဒါဟာ အကြမ်းဖက်မှု တစ်ခုဖြစ်ကြောင်း မြို့တော်ဝန် Michèle Lutz ကဆိုရှယ်မီဒီယာမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်သူဟာ မြူနီစီပယ်ရဲအရာရှိအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် သံသယရှိသူဟာ အယ်လ်ဂျီးရီးယားနိုင်ငံကလာတာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။လက်ရှိမှာ သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြင်သစ်အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ပါတယ်။ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်း ကလည်း သေဆုံးသူ မိသားစုအတွက် ဝမ်းနည်းကြောင်း ပြောဆိုထားပြီး ပြင်သစ် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး အစိုးရရှေ့နေက အဆိုပါ အမှုကို ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။