ပြင်သစ်ကနေ ရေလက်ကြားဖြတ်ပြီး အင်္ဂလန်ကို သွားဖို့ ကြိုးစားရာမှာ လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
အမ်ဘလိတီယုစ် ကမ်းလွန်ပင်လယ်ပြင်မှာ လူ ၅၉ ယောက် လိုက်ပါလာတဲ့ လှေတစ်စင်း အခက်အခဲတွေ့ခဲ့ရာ လူ ၅၁ ယောက် ကယ်ဆယ်နိုင်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက စောင့်ရှောက်ထားခဲ့ရပါတယ်။
သေဆုံးသူတွေက အီရီထရီးယား၊ ဆူဒန်၊ ဆီးရီးယား၊ အီဂျစ်၊ အီရန်နဲ့ အာဖဂန်နစ္စတန်တို့က အမျိုးသားတွေ ဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
အခုလအစောပိုင်းကလည်း ရေလက်ကြားမှာ လှေနစ်မြုပ်မှုကြောင့် လူ ၁၂ ယောက် သေဆုံးပြီး နောက် အခု ၈ ယောက် သေဆုံးတဲ့ဖြစ်ရပ် ထပ်မံပေါ်ပေါက်ခဲ့တာပါ။

နောက်ဆုံးဖြစ်ရပ်ကြောင့် ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေအဖို့ လှေငယ်တွေနဲ့ ရေလက်ကြားဖြတ်ကျော်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းရှာဖွေရတော့မှာ ဖြစ်ပါတယ်။
ဗြိတိန်ရေလက်ကြားဟာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပြီး ရေစီးကြောင်းတွေ အားကောင်းတာကြောင့် လှေငယ်တွေနဲ့ ဖြတ်ကျော်တာက အန္တရာယ်ဖြစ်စေပါတယ်။
ပြင်သစ်ကနေ ရေလက်ကြားကို ဖြတ်ကူးဖို့ကြိုးပမ်းမှုမှာ နှစ်စပိုင်းကနေ အခုအချိန်ထိ သေဆုံးသူ ၄၆ ယောက်အထိ ရှိလာတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၄ ရက်တစ်ရက်တည်း ပြင်သစ်ကနေ ရေလက်ကြားကို ဖြတ်ကူးဖို့ ကြိုးပမ်းမှု ရှစ်ကြိမ်ရှိခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ ၂၀၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။