ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းအများအပြားကို ဖုန်းဆက်သွယ် စကား ပြောဆိုမှု မတိုင်ခင်တည်းက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သဘောတူညီမှု ရရှိထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ယူကရိန်းစစ် ရပ်တန့်ရေးအတွက် ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ဟာ ဒီနေ့ မတ်လ ၁၈ ရက်မှာ ဆက်သွယ် စကားပြောဆိုဆွေးနွေးဖို့ ရှိနေတာပါ။

ဒီဆွေးနွေးမှု မတိုင်ခင်တည်းက သဘောတူညီချက် တွေ ရရှိထားကြောင်း ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာဖြစ်ပြီး ဆက်လက်ဆွေးနွေးဖို့တော့ အများအပြား ကျန်နေသေးတယ်လို့ ဆိုပါတယ်။

ယူကရိန်းစစ်ကြောင့် တစ်ပတ်ကို နှစ်ဖက်စလုံးက စစ်သား ၂၅၀၀ စီလောက် သေဆုံးစေခဲ့ပြီး ဒါကို အခုပဲ အဆုံး သတ်ရမယ်လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က အမေရိကန် သံတမန် စတိဖ် ဝစ်ကော့ဖ် (Steve Witkoff) နဲ့ ရုရှားသမ္မတ ပူတင်တို့ မော်စကိုမှာ တွေ့ဆုံခဲ့ပြီးနောက် ပူတင်နဲ့ ထရမ့်တို့ကြား ထပ်မံဖုန်းဆက်သွယ် စကားပြောဆိုဖို့ ဖြစ်လာတာပါ။

ထရမ့်ဟာ ပိုင်နက်ကိစ္စနဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေကိစ္စကို ပူတင်နဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ မတ်လ ၁၇ ရက်က သတင်းထောက်တွေကို ပြောထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အမေရိကန်ရဲ့ အဆိုပြု ချက်နဲ့ ယူကရိန်းဟာ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ပြီး ရုရှားဆီက သဘောတူညီချက်ရဖို့ ဆက်လက်ဆွေးနွေးမှုတွေ လုပ်နေတာပါ။