ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အဆုတ်နှစ်ခုစလုံးမှာ နမိုးနီးယားအဆုတ်ယောင် ရောဂါဖြစ်ပွားနေတယ်လို့ ဗာတီကန် နန်းတော်က အင်္ဂါနေ့မှာ ထုတ်ပြန်လာပါတယ်။

အသက်(၈၈)နှစ်အရွယ် ပုပ်ဟာ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါဝေဒနာကို ခံစားနေရတာ တစ်ပတ်ကျော်ရှိလာနေပြီး အဲဒီအတွက် ရောမမြို့ ဂျီမဲလ်လီ ဆေးရုံမှာ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ဆေးကုသမှု ခံယူနေတာပါ။ CT စကန်နဲ့ ရင်ဘတ်ကို စစ်ဆေးကြည့်ရာမှာ ပုပ်ရဟန်းမင်းဟာ အခုလို နမိုးနီးယားရောဂါ ခံစားနေရတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဗာတီကန် နန်းတော်က ပြောပါတယ်။

ဒီလို ရောဂါခံစားနေရပေမဲ့ ရဟန်းမင်းဟာ စိတ်ကြည်လင်ရွှင်ပျလျက်ရှိနေကြောင်းနဲ့ နေ့ရက်တွေကို စာဖတ်တာ၊ အနားယူတာ၊ ဝတ်ပြုဆုတောင်းတာတွေနဲ့ ဖြတ်ကျော်နေကြောင်း ဗာတီကန် နန်းတော်က ထုတ်ပြန်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့အတွက် ဆုတောင်းမေတ္တာ ပို့သနေသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပြီးလည်း ဆုတောင်းကူညီပေးကြဖို့ ပန်ကြားထားပါတယ်။