ဂါဇာကမ်းမြောင်ဒေသထဲမှာ ပိုလီယိုကာကွယ်ဆေးထိုးနှံမှု လုပ်နိုင်ဖို့အတွက် သုံးရက်တာ အပစ်ရပ်စဲမှုကို ဇုန်အလိုက်နေရာခွဲပြီး ပြုလုပ်ဖို့ အစ္စရေးနဲ့ ဟားမာ့စ်တို့အကြား သဘောတူမှုရထားတယ်လို့ WHO အကြီးတန်း အရာရှိက ကြာသပတေးနေ့မှာ အတည်ပြုပြောဆိုပါတယ်။
အဲဒီ ပိုလီယိုကာကွယ်ဆေးထိုးမှုဟာ ဂါဇာမှာ လာမဲ့ တနင်္ဂနွေ စက်တင်ဘာ ၁ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ WHO ရဲ့ ပါလက်စတိုင်းဆိုင်ရာ အကြီးတန်းအရာရှိ ရစ်ခ် ပီပါကွန် က ပြောပါတယ်။
အဲဒီအပစ်ရပ်မှုတွေဟာ မနက်(၆)နာရီနဲ့ ညနေ(၃)နာရီကြား သတ်မှတ်ဇုန်တွေမှာ အကျိုးသက်ရောက်မှာဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ဟာ ဂါဇာ အလယ်ပိုင်းမှာ အစပြုမှာဖြစ်ပြီးတော့ ဂါဇာတောင်ပိုင်းကို ရွေ့လျား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
တကယ်လို့ လိုအပ်ရင် စတုတ္ထ မြောက်နေ့မှာ လူသားချင်းစာနာထောက်ထားမှုအရ အပစ်ရပ်စဲမှုကို တိုးချဲ့လုပ်ဖို့ ရှိကြောင်းလည်း ပီပါကွန်က ပြောပါတယ်။ WHO က ဂါဇာမှာ ကလေးငယ်တစ်ယောက်ဟာ ပိုလီယို အမျိုးအစား-၂ ကြောင့် အကြောဆိုင်းတဲ့ ဝေဒနာကို ခံစားနေရကြောင်း ဩဂုတ်လ(၂၃)ရက်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်း (၂၅)နှစ် အတွင်း ပထဆုံးတွေ့ရှိရတဲ့ ဖြစ်စဉ်လို့ ပြောပါတယ်။