အပစ်ရပ်စဲရေး သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသား အယောက်(၉၀)ကို အစ္စရေးဘက်က ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါဟာ ကာလ ရှည်ကြာ စောင့်မျှော်နေကြရတဲ့ အပစ်ရပ် သဘောတူညီချက် ရရှိပြီး ဟားမာ့စ်ဘက်က ဓားစာခံ(၃)ယောက်ကို ပထမဆုံးအသုတ်အဖြစ် လွှတ်ပေးလိုက်တဲ့နောက် အပြန်အလှန်အနေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကိုလည်း အစ္စရေးက လွှတ်ပေးလိုက်တာပါ။

ပြန်လည်လွှတ်မြောက်လာတဲ့ ဓားစာခံ (၃)ယောက်ဟာ ရိုမီ ဂိုနန်၊ ဒိုရွန် စတိန်ဘရီချာနဲ့ အယ်မလီ ဒါမာရီ ဆိုသူတို့ ဖြစ်ကြပါတယ်။ သူတို့တွေအားလုံး ကျန်းမာရေး ကောင်းမွန်လျက် ရှိနေပြီးတော့ တဲလ်အဗစ်မြို့က ဆေးရုံတစ်ရုံမှာ ပြုစုစောင့်ရှောက်မှု ခံယူနေပါတယ်။ ဓားစာခံတွေ လွှတ်မြောက် လာတဲ့အပေါ် တဲလ်အဗစ်မှာ ပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။ စစ်ကြောင့် နေရပ်ရွှေ့ပြောင်း ခဲ့ရတဲ့ ပါလက်စတိုင်းတွေဟာလည်း ဂါဇာက မူလနေရာတွေဆီကို ပြန်လာနေကြပြီဖြစ်ပါတယ်။

စစ်ကြောင့် ဂါဇာထဲက နေအိမ် (၉၂)ရာခိုင်နှုန်းဟာ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဂါဇာထဲကို အကူအညီတွေ တင်ဆောင်လာတဲ့ ထရပ်ကား ရာပေါင်းများစွာ ဝင်ရောက်နေပါတယ်။ အစ္စရေးစစ်တပ်ဟာ အပစ်ရပ်စဲမှု စတင် အကျိုးသက်ရောက်တဲ့နောက် ဂါဇာတောင်ပိုင်းနဲ့ မြောက်ပိုင်းနေရာ အတော်များများကနေ တပ်ပြန်ဆုတ်နေ တယ်လို့ အစ္စရေး စစ်ဘက်အရာရှိတွေက အတည်ပြုပြောဆိုပါတယ်။