အီဂျစ်က ဦးဆောင်ရေးဆွဲထားပြီး အာရပ်ကမ္ဘာက ခေါင်းဆောင်တွေလည်း သဘောတူထားတဲ့ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ဥရောပနိုင်ငံခေါင်းဆောင်တွေကလည်း ထောက်ခံကြောင်း မတ်လ ၈ ရက်မှာ ကြေညာပါတယ်။ပါလက်စတိုင်းတွေ ဂါဇာကနေရွှေ့ပြောင်းဖို့မလိုတဲ့ ဒီအစီအစဉ်ကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့က ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့မတ်လ ၄ ရက်က အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမှာ ပြုလုပ်ခဲ့တဲ့ အာရပ်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်းဂါဇာကမ်းမြှောင်ဒေသကို အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံအကုန်အကျခံပြီး ငါးနှစ်အတွင်းမှာ ပြန်လည်တည်ဆောက်မယ့် အစီအစဉ် ပေါ်ထွက်လာတာပါ။ဒီအစီအစဉ်ကို အမေရိကန်နဲ့ အစ္စရေးတို့ကတော့ လက်မခံဘူးလို့ ပြောထားပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာကမ်းမြှောင်ဒေသကို အပြီးရှင်းလင်းပြီး ဂါဇာက ပါလက်စတိုင်း ၂ ဒသမ ၁ သန်းကို တခြားအာရပ်နိုင်ငံတွေဆီ ပို့ဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

အာရပ်နိုင်ငံတွေရဲ့ ပြန်လည်တည်ဆောက်ရေးအစီအစဉ်က လက်တွေ့ကျကြောင်းနဲ့ ဂါဇာဒေသက ပြည်သူတွေအတွက် ဘေးအန္တရာယ်ရှိနေတဲ့ နေထိုင်မှုအခြေအနေကို မြန်မြန်ဆန်ဆန်နဲ့ ရေရှည်တည်တံ့အောင် လုပ်ပေးနိုင်မယ်လို့ ဥရောပခေါင်းဆောင်တွေကဆိုပါတယ်။ဒီအစီအစဉ်မှာ အမှီအခိုကင်းတဲ့ ကျွမ်းကျင်သူ တွေပါဝင်တဲ့ ကော်မတီတစ်ခုဖွဲ့ပြီး ဂါဇာဒေသကို ယာယီအုပ်ချုပ်ဖို့နဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ကို ဂါဇာမှာ တပ်စွဲထားဖို့လည်း ပါဝင်ပါတယ်။