ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဘန်နူဒေသရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုကို ဇူလိုင် ၁၅ ရက် မနက်ပိုင်းက စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ရာမှာ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ရေဒီယို ပါကစ္စတန်နဲ့ ပါကစ္စတန် ရုပ်မြင်သံကြား ကော်ပိုရေးရှင်း (PTV) တို့က သတင်းတွေမှာ လက်နက်ကိုင် သောင်းကျန်းသူ အများအပြားဟာ အဆောက်အအုံရဲ့ အပြင်ဘက် နံရံအနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ယာဉ်တစ်စီးကို ဖောက်ခွဲပြီး နယ်မြေအတွင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တယ် ဆိုပါတယ်။

ဖော်ပြပါဧရိယာကနေ အနက်ရောင် မီးခိုးတွေ ထူထပ်စွာ ထွက်ပေါ်လာ ပြီး မနက်နေမထွက်ခင် ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ရိုက်တာကို ပြောပါတယ်။

ပေါက်ကွဲမှု ကြောင့် အနီးအနားရှိ အဆောက်အဦတွေရဲ့ ပြူတင်းပေါက်မှန်တွေ ကွဲအက်ကုန်ပြီး မှန်အပိုင်းအစတွေဟာ ပတ်ပတ်လည်က လမ်းတွေပေါ် ပြန့်ကြဲကုန်ပါတယ်။ ပါကစ္စတန် အစိုးရနဲ့ တပ်မတော်က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ချက်ချင်းမှတ်ချက် မပေးသေးပါဘူး။