ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဂျာလီ အဘတ်စ် ဂျီလာနီ နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရာ အဗ္ဗဒိုလာ ဟီအန်တို့ ဇန်နဝါရီ ၂၉ ရက်က ပါကစ္စတန်နိုင်ငံ၊အစ္စလမ်မာဘက်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ပါကစ္စတန်နဲ့ အီရန် တို့ဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အပြန်အလှန်လေးစားကြပြီး လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ရင်း ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။
စစ်သွေးကြွတွေရဲ့ ပစ်မှတ် ဆိုတဲ့နေရာတွေကို ဒုံးကျည်တွေနဲ့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ပါကစ္စတန် မြို့တော်မှာ တွေ့ဆုံပြီးနောက် ပြောဆိုခဲ့ကြတာပါ။ အိမ်နီးချင်း နှစ်နိုင်ငံမှာ ခိုင်မာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ များစွာရှိတယ်လို့ ပါကစ္စတန် အိမ်စောင့်အစိုးရ နိုင်ငံခြား ရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
နှစ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ သဘောတူညီခဲ့ကြပြီး ကဏ္ဍတွေ တစ်လျှောက် တိုးတက်မှုကို ကြီးကြပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးအဆင့်မှာ ညှိနှိုင်းမှုစနစ်တစ်ရပ် ထူထောင်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဂျာလီ အဘတ်စ် ဂျီလာနီက ပြောပါတယ်။ နှစ်နိုင်ငံ ကောင်းစွာ နားလည်မှု ရှိပြီး အီရန်နဲ့ ပါကစ္စတန်ကြား နယ်မြေအငြင်းပွားမှု ဒါမှမဟုတ် စစ်ပွဲ တစ်ကြိမ်မှ မရှိခဲ့ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရာ အဗ္ဗဒိုလာဟီအန်က ပြောပါတယ်။
အီရန်သမ္မတ အီဘရာဟမ်ရိုင်စီဟာ မကြာခင် ပါကစ္စတန်ကို သွားရောက်မယ်လို့လည်း ဆိုပါတယ်။ ဒုံးကျည်ပစ် ခတ်မှုပြီးပြီးချင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းခဲ့ပါတယ်။ ပါကစ္စတန်က တီဟီရန်ရောက် သူ့သံအမတ်ကြီးကို ပြန်ခေါ်ခဲ့ပြီး အီရန်သံအမတ်ကိုလည်း အစ္စလမ်မာဘတ်ဆီ ပြန်လာခွင့် မပြုတဲ့အပြင် အဆင့်မြင့် သံတမန်ရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှု အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။