ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တော်မှာ ပတ်ဝန်းကျင်အပြုသဘောဆောင် လုပ်ငန်းဆောင်တာတွေအတွက် ခရီးသွားတွေကို ဆုချီးမြှင့်တဲ့ ရှေ့ပြေးအစီအစဉ်တစ်ခု ပြီးဆုံးသွားခဲ့ပြီး စီမံကိန်းကို သက်တမ်းတိုးဖို့ စီစဉ်သူတွေက အကဲဖြတ်နေပါတယ်။
အများသုံး သယ်ယူပို့ဆောင်ရေးသုံးစွဲတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာနဲ့ အမှိုက်ကောက်တာ စတဲ့ လုပ်ငန်းဆောင်တာတွေအတွက် ခရီးသွားတွေကို ဆုချီးမြှင့်တဲ့ CopenPay အစီအစဉ်ကို ဇူလိုင် ၁၅ ရက်က စတင်ခဲ့တာဖြစ်ပြီး သြဂုတ် ၁၁ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ပြုမှုအတွက် ဆုလာဘ်အဖြစ် အစားအသောက်တွေကနေ စက်ဘီးခရီးစဉ်အထိ ချီးမြှင့်ဖို့ လာရောက်လည်ပတ် သူတွေကို မက်လုံးတွေ ပေးထားခဲ့ပါတယ်။
CopenPay အစီအစဉ်မှာ ဘားတွေ၊ ပြတိုက်တွေ၊ လှေနဲ့ စက်ဘီးစီး ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ အပါအဝင် မြို့တွင်းက အထင်ကရနေရာတွေနဲ့ စီးပွားရေးလုပ်ငန်း ၂၄ ခု ပါဝင်ခဲ့တယ်လို့ သိရပါတယ်။