ယူကရိန်းပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းနိုင်လည်း နျူကလီးယားလက်နက် အန္တရာယ်က ဆက်ရှိနေမယ် လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က ဧပြီ ၈ ရက်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသား ဖော်ပြထားတာကို CNN သတင်းမှာ ရေးသားထားပါတယ်။ မဟာဗျူဟာလက်နက် လျှော့ချရေးနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမေရိကန်နဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် ရုရှားအပေါ်ကို အကန့်အသတ်မဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တောက်လျှောက် ကျင့်သုံးခဲ့သလို ယူကရိန်းမှာ အမေရိကန် လက်နက်တွေ၊ ကျွမ်းကျင် ပညာရှင်တွေ အသုံးပြုပြီး ရုရှားကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်လို့ မက်ဗီဒက်က ပြောပါတယ်။

ဘိုင်ဒန် အစိုးရက နျူကလီးယား ပဋိပက္ခ ဖြစ်နိုင်ခြေမရှိဘူးလို့ ပြောခဲ့ပေမယ့် အမေရိကန်ရဲ့ လုပ်ရပ်ဟာ တတိယ ကမ္ဘာစစ်ဖြစ်ဖို့ အန္တရာယ်များနေတယ်လို့လည်း မက်ဗီဒက်က ပြောဆိုခဲ့ပါတယ်။ထရမ့်အစိုးရကလည်း နျူကလီးယားပဋိပက္ခကို ရှောင်ရှားမယ် ပြောနေပေမယ့် စစ်ရေးအသုံးစရိတ်ကို စံချိန်တင် ဒေါ်လာ ဘီလျံ တစ်ထောင် သုံးစွဲမယ်လို့ ပြောနေသလို ဥရောပကလည်း ကာကွယ်ရေး အသုံးစရိတ်တွေ မြှင့်တင် ဖို့ ပြောဆိုလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီးကို ပိုမို ပျက်စီးစေမယ့် လက်နက်အမျိုးအစားအသစ်တွေ ဖန်တီးကြမှာဖြစ်သလို နျူကလီးယားလက်နက်တွေ ရရှိမယ့် နိုင်ငံတွေလည်း များလာမယ်လို့ မက်ဗီဒက်က ပြော ပါတယ်။ အဲဒီအတွက် ယူကရိန်းပဋိပက္ခကို ပြီးပြည့်စုံအောင် ဖြေရှင်းနိုင်ခဲ့ရင်တောင် ကမ္ဘာကြီးမှာ နျူကလီးယား လက်နက် ဖျက်သိမ်းရေးကတော့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်လာမယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။