ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်း ယာကူတီယာ ဒေသမှာ နှစ်ပေါင်း ၄၄၀၀၀ လောက်ကြာအောင် နှင်းတောထဲမှာ အေးခဲနေတဲ့ ဝံပုလွေအလောင်းကို ဒေသခံ သိပ္ပံပညာရှင်တွေက ခွဲစိတ်လေ့လာနေကြပါတယ်။

၂၀၂၁ ခုနှစ်က အဘီစကီခရိုင်မှာ ဒေသခံတွေက မတော်တဆ တွေ့ရှိခဲ့တာဖြစ်ပြီး ပလစ်တိုးဆင်းခေါ် ရေခဲခေတ် နှောင်းပိုင်း အသားစားသတ္တဝါတစ်ကောင်ကို ကမ္ဘာ့ပထမဆုံးတွေ့ရှိမှုလို့ ယာကူတီကာ သိပ္ပံအကယ်ဒမီက နို့တိုက်သတ္တဝါ များလေ့လာရေးဌာန အကြီးအကဲ အဲလ်ဘတ် ပရိုတိုပိုပေါ့က ပြောပါတယ်။

အာတိတ်သမုဒ္ဒရာနဲ့ ရုရှားအရှေ့ဘက် အစွန်ဆုံးမှာရှိတဲ့ ယာကူတီအာဒေသဟာ တက္ကဆက်ပြည်နယ် အရွယ်လောက်ရှိပြီး ဝင်ရိုးစွန်းဒေသအေးခဲမြေလွှာ ဖုံးလွှမ်းထားပါတယ်။ ဒေသရဲ့ဆောင်းရာသီအပူချိန်ဟာ အနုတ် ၆၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြည်းဖြည်းချင်း အရည်ပျော်နေတဲ့ နှင်းခဲထဲမှာ နစ်မြုပ်နေတဲ့ နှစ်ထောင်ချီသက်တမ်းရှိ တိရစ္ဆာန်အသေကောင်တွေ တွေ့ရတတ်တာ မဆန်းပေမယ့် ဝံပုလွေတွေ့တာ ရှားပါးတယ်လို့ ပရိုတိုပိုပေါ့က ပြောပါတယ်။

ဝံပုလွေရုပ်ကြွင်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၄၄၀၀၀ က ယာကူတီအာဒေသအကြောင်း ရှားရှားပါးပါး ထိုးထွင်းသိမြင်စေပြီး ဒီဝံပုလွေဟာ ယူရေးရှားအရှေ့မြောက်ပိုင်းမှာ နေထိုင်တဲ့ ရှေးဝံပုလွေတွေနဲ့ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ သိရှိနိုင်တယ်လို့ သိရပါတယ်။