အမေရိကန်ရဲ့ အနိုင်ကျင့်မှုအောက်မှာ အီရန် အစိုးရအနေနဲ့ နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေးနီက ပြောကြားထားပါတယ်။ အမေရိကန်အစိုးရရဲ့ စေ့စပ်ညှိနှိုင်းရေး ကမ်းလှမ်းချက်ရဲ့ ရည်ရွယ်ချက်ကိုက ပြဿနာဖြေရှင်းဖို့ထက် လွှမ်းမိုးချုပ်ကိုင်ဖို့ ဖြစ်တယ်လို့ အီရန်မြို့တော် တီဟီရန်မှာ မိန့်ခွန်းပြောနေချိန်မှာ ခါမေနီက ပြောကြားခဲ့တာပါ။

သူ့ရဲ့ နျူကလီးယားလုပ်ငန်းဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက်သာ ဖြစ်တယ်လို့လည်း အခိုင်အမာ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အမေရိကန် ဘက်က စစ်ရေးအရမဟုတ်ဘဲ ငြိမ်းချမ်းစွာ နျူကလီးယားအသုံးပြုရေးကို အလေးပေး ဆွေးနွေးဖို့ ရည်ရွယ်ချက် ရှိရင် နျူကလီးယားအရေး အမေရိကန်နဲ့ ဆွေးနွေးသွားဖွယ်ရှိတယ်လို့ အီရန်ဘက်က ပြောကြား လာတာကို AP သတင်းမှာ ရေးသားဖော်ပြပါတယ်။အီရန်အစိုးရနဲ့ သဘောတူညီချက်အတွက် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ဖော်ပြခဲ့ပေမဲ့ ထရမ့်က သူ့ရဲ့ ပထမ သက်တမ်းအတွင်း အီရန်ကို ကမ္ဘာ့စီးပွားရေးကနေ ခွဲထုတ်ခဲ့ကာ အီရန်ရဲ့ရေနံတင်ပို့မှုကို သုညဖြစ်အောင်လုပ်ဖို့ မူဝါဒကို ပြန်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

ထရမ့်ဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အကြား သူ့ရဲ့ ပထမသမ္မတသက်တမ်းအတွင်း ပိတ်ဆို့အရေးယူမှုတွေ သက်သာရာရ စေဖို့ အပြန်အလှန်အနေနဲ့ အီရန်အစိုးရရဲ့ နျူကလီးယား အစီအစဉ်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထား တဲ့ အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြား သဘောတူညီချက်ကနေ အမေရိကန်အနေနဲ့ နုတ်ထွက်ခဲ့ ပါသေးတယ်။