ဝါရှင်တန်မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးကို နေတိုးခေါင်းဆောင်တွေ တက်ရောက်နေစဉ် နော်ဝေအစိုးရက ယူကရိန်းကို F-16 တိုက်လေယာဉ် ခြောက်စင်း လှူဒါန်းမယ်လို့ ပြောဆိုလိုက်ပါတယ်။

စစ်ပွဲလမ်းကြောင်းကို ပြောင်းလဲဖို့ မျှော်လင့်နေတဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးကလည်း အဖွဲ့ဝင် ၃၂ ဦးပါ နေတိုးအဖွဲ့အနေနဲ့ ကိယက်ဗ်ကို လက်နက်နဲ့ ဘဏ္ဍာငွေတွေ ပိုမိုပေးပို့ပြီး လုံခြုံရေး အာမခံချက်ပေးဖို့ လိုလားနေပါတယ်။

နော်ဝေ ဝန်ကြီးချုပ် ဂျိုနာ့စ် ဂါစတိုးရီးက F-16 တိုက်လေယာဉ်တွေကို ဒီနှစ်ထဲ စတင်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ နော်ဝေဟာ F-16 တိုက်လေယာဉ်တွေ ကိယက်ဗ်ဆီ လှူဒါန်းမယ်လို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ တုန်းက ပထမဆုံး ကြေညာခဲ့ပြီးနောက် ယူကရိန်းလေယာဉ်မှူးတွေ လေ့ကျင့်သင်ကြားရာမှာ အသုံးပြုဖို့အတွက် F-16 ဂျက်လေယာဉ်နှစ်စင်းကို ဒိန်းမတ်ဆီ စေလွှတ်ခဲ့ပါတယ်။

တိုက်ခိုက်ရေးစွမ်းပကားနဲ့ တစ်ကမ္ဘာလုံး ကြိုက်နှစ်သက်မှုကြောင့် F-16 တွေဟာ ယူကရိန်းအလိုရှိတဲ့ လက်နက်စာရင်းမှာ အချိန်အတော်ကြာ ရှိနေခဲ့ပါ တယ်။
ဒိန်းမတ်နိုင်ငံက စုစုပေါင်း F-16 ဂျက်လေယာဉ် ၁၉ စင်း လှူဒါန်းဖို့ ကတိပြုထားပြီး နယ်သာလန်ကလည်း ၂၄ စင်း ပေးအပ်ဖို့ ပြောဆိုထားပါတယ်။ အဲဒီနှစ်နိုင်ငံစလုံးဟာ ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ ပေးဖို့ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ရဲ့နောက်ကွယ်က တွန်းအားပေးနေတယ်လို့ သိရပါတယ်။