ရုရှားနိုင်ငံရဲ့ စပိုင်လို့ ယူဆခံထားရတဲ့ ဘီလူဂါအမျိုးအစား အဖြူရောင် ဝေလငါးကို နော်ဝေနိုင်ငံ ကမ်းလွန် ပင်လယ်ပြင်မှာ သေဆုံးလျက် တွေ့ရှိရတယ်လို့ အဲဒီဝေလငါးရဲ့ သွားလာလှုပ်ရှားမှုကို ခြေရာခံ လေ့လာတဲ့ နော်ဝေ NGO အဖွဲ့ တစ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။
ဗောလ်ဒီမာ လို့ အမည်ပေးထားတဲ့ အဲဒီဝေလငါးဖြူ သေဆုံးနေတာကို နော်ဝေတောင်ပိုင်း ရီဆာဗီကာ ပင်လယ်အော်မှာ ငါးဖမ်းနေတဲ့ ငါးဖမ်းသမား သားအဖ နှစ်ယောက်က စတင်တွေ့ရှိပြီး သတင်းပို့ခဲ့တာလို့ နော်ဝေရုပ်သံ NRK က ပြောပါတယ်။
ဗောလ်ဒီမာ ဝေလငါးဖြူ ဟာ နော်ဝေမြောက်ပိုင်း အင်ဂိုယာ ကျွန်းအနီးမှာ သူ့ကို ပထမဆုံး တွေ့ရှိရတဲ့ ၂၀၁၉ ခုနှစ်တုန်းက သူ့ကိုယ်မှာ ကင်မရာအသေးစား လို့ယူဆရတဲ့ ကြိုးတစ်ခုကို ရစ်ပတ်တပ်ဆင်လျက်ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
အဲဒီ နေရာဟာ ရုရှားနိုင်ငံ ရေပြင်နယ်နိမိတ်ကနေ မိုင်ပေါင်း (၁၉၀) ကွာဝေးတဲ့နေရာ ဖြစ်ပါတယ်။
အဲဒီကြိုးကွင်းမှာ အီကွေ့မန့် စိန့်ပီတာစဘတ်ဆိုပြီး အင်္ဂလိပ် အက္ခရာနဲ့ စာရေးထိုးထားတာကိုလည်း တွေ့ခဲ့ရတာပါ။
အဲဒီဝေလ ငါးဖြူလေးဟာ လူတွေကို စိတ်ဝင်စားမှု အလွန်ပြပြီး အမူအရာနဲ့ နှုတ်ဆက် အချက်ပြတာတွေကို ပြန်လည် တုံ့ပြန်တတ်လေ့ရှိပါတယ်။
ဒီအတွက် အဲဒီ ဝေလငါးဖြူဟာ နော်ဝေရေပိုင်နက်ထဲကို မဝင်ရောက်ခင် ရုရှားမှာသုတေသနအစီအစဉ်တစ်ခုအတွက် မွေးမြူထိန်းသိမ်းခံခဲ့ရဖွယ်ရှိတယ်လို့ နော်ဝေပြည်တွင်း ထောက်လှမ်းရေး အဖွဲ့က ယူဆလာခဲ့ပါတယ်။
အဲဒီ ဗောလ်ဒီမာ ဝေလငါးဖြူနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေအပေါ် မော်စကိုက ဘယ်တော့မှ တုံ့ပြန်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
ဗောလ်ဒီမာဟာ အသက် (၁၅)နှစ် ဝန်းကျင်ရှိမယ်လို့ သတင်း မီဒီယာတွေက ခန့်မှန်းသုံးသပ်ကြပြီး ဘီလူဂါ ဝေလငါးတွေဟာ ပုံမှန်အားဖြင့် သက်တမ်း နှစ်(၄၀)ကနေ (၆၀)အထိ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။