အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ သမ္မတကတော် ဂျေးလ် ဘိုင်ဒန်တို့ဟာ နေတိုးအဖွဲ့ခေါင်းဆောင်တွေနဲ့ မိတ်ဖက် နိုင်ငံခေါင်းဆောင်တွေကို အိမ်ဖြူတော် ညစာ စားပွဲကို ဖိတ်ကြားဧည့်ခံခဲ့ပါတယ်။

နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ နှစ်ပတ်လည် ထိပ်သီးညီလာခံ ပြင်ပမှာ အခုလို ခေါင်းဆောင်တွေကို ဗုဒ္ဓဟူးနေ့က ညစာနဲ့ တည်ခင်းဧည့်ခံခဲ့ တာပါ။ ညစာစားပွဲ မိန့်ခွန်းမှာ ဘိုင်ဒန်က နေတိုးအဖွဲ့ရဲ့ (၇၅)နှစ်ပြည့်မြောက်မှုကို ချီးမွမ်းထောမနာပြုခဲ့ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ အိမ်နီးချင်ကောင်း နိုင်ငံတွေလို့ ကြွေးကြော်ကာ ယမကာခွက်ကို ပင့်မြှောက် သောက်သုံး ဂုဏ်ပြုခဲ့ကြပါတယ်။

နေတိုးအတွင်းရေးမှူးချုပ် စတိုလန်ဘတ်ခ်ကလည်း နေတိုးစစ်မဟာမိတ် အဖွဲ့ဟာ သမိုင်းတစ်လျှောက်မှာ တာရှည်အခံဆုံး ၊ အင်အား အတောင့်တင်းဆုံးနဲ့ အအောင်မြင်ဆုံး စစ်မဟာမိတ် အဖွဲ့ဖြစ်တယ်လို့ ပြောဆိုရင်း အလားတူ ဂုဏ်ပြုသွားခဲ့ပါတယ်။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဂျာမနီနဲ့ အမေရိကန်တို့က ၂၀၂၆ ခုနှစ်မှာ အမေရိကန်ရဲ့ တာဝေးပစ် ဒုံးကျည်တွေကို ဂျာမနီပြည်တွင်းမှာ တပ်ဖြန့်ချထားမယ်လို့ ကြေညာခဲ့ပါတယ်။
ယူကရိန်းကိုလည်း အကူအညီတွေ မိုပိုပေးအပ်သွားမယ်လို့ နေတိုး ခေါင်းဆောင်တွေက အစည်းအဝေးမှာ ကြေညာသွားခဲ့ကြပါတယ်။ အစည်းအဝေးကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာ ချက်တစ်ခုမှာ ယူကရိန်းကို လာမဲ့နှစ်ထဲမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော် စစ်ရေးအကူအညီ ပေးဖို့ မဟာမိတ်တွေအနေနဲ့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ နေတိုးအတွင်းရေးမှူးချုပ် စတိုလန်ဘတ်ခ် က ကြိုးပမ်းဆောင်ရွက်နေတဲ့ နှစ်ပေါင်းများစွာ ဆက်လက်အကူအညီပေးရေး ကတိကဝတ်ကို တော့ ကြေညာချက်မှာ မပါဝင်တာကို တွေ့ရပါတယ်။ နေတိုးအဖွဲ့ဝင်ဖြစ်ရေး အပါအဝင် ယူရို-အတ္တလန္တိတ် အပြည့်အ၀ ပေါင်းစည်းရေးဆီကို ရောက်ရှိဖို့ ယူကရိန်းရဲ့ နောက်ပြန်မလှည့်စတမ်း အားထုတ်မှုတွေကိုလည်း ဆက်လက် ထောက်ခံအားပေးသွားမယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။