နီပေါနိုင်ငံမှာ သြဂုတ် ၇ ရက်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူငါးဦး သေဆုံးခဲ့ပါတယ်။ ဒိုင်နက်စတီ လေကြောင်းပိုင် ရဟတ်ယာဉ်ဟာ မြို့တော်ကနေ ၅၇ ကီလိုမီတာအကွာက ရှီဝါပူရီ အမျိုးသားဥယျာဉ်ရှိတဲ့ ဟိမဝန္တာတောအုပ်အတွင်းကို ပျက်ကျခဲ့တာလို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။
ရဟတ်ယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့ကာ ရဟတ်ယာဉ်ပေါ်ပါ လူငါးဦးစလုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်မှူးကတော့ နီပေါ အမျိုးသားဖြစ်ပြီး ခရီးသည် လေးဦးစလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်ကာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဖြစ်တယ်လို့ ရဲပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ ခတ္တမန္ဒူကနေ ရာဆူဝါခရိုင်ကို ပျံသန်းတဲ့ ရဟတ်ယာဉ်ဟာ ပျံတက်ပြီး ၃ မိနစ်အကြာမှာ လေကြောင်းထိန်းချုပ်ရေးနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ နီပေါမြို့ပြလေကြောင်း အာဏာပိုင် အဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။