အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် မာကို ရူဘီယိုကို အထက်လွှတ်တော် ဆီးနိတ်က တနင်္လနေ့မှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။

ဒါဟာ သမ္မတသစ်ရဲ့ ထိပ်တန်းအစိုးရအဖွဲ့ဝင် တစ်ယောက်ကို ဆီးနိတ်က ပထမဆုံး အတည်ပြု ခန့်အပ်ပေးလိုက်တာဖြစ်ပါတယ်။ မဲခွဲအတည်ပြုခန့်အပ်မှုကို ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအကြာမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီခန့်အပ်မှုကို မဲခွဲရာမှာ ကန့်ကွက်သူမရှိ ဆီးနိတ်အမတ်တွေအားလုံးက တစ်ခဲနက် အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ရူဘီယိုဟာ ၂၀၁၁ ခုနှစ်ကတည်းက ဖလော်ရီဒါက ရီပတ်ဘလီကန် ဆီနိတ်တာအဖြစ် ထမ်းရွက်ခဲ့သူဖြစ်ပြီး သူ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုမှုကို ဆီးနိတ်ထဲက ဒီမိုကရက်တွေကလည်း ခိုင်ခိုင်မာမာ ထောက်ခံခဲ့ကြပါ တယ်။ ရူဘီယိုဟာ မကြာသေးခင်နှစ်တွေက ထရမ့်ဆန့်ကျင်သူအဖြစ်ကနေ ထရမ့်ဘက်ကို ပြောင်းလဲ ထောက်ခံ ရပ်တည်လာသူဖြစ်ပြီး အခု ထရမ့်လက်ထက်မှာ အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကနေ တာဝန်ထမ်းဆောင် သွားတော့မှာ ဖြစ်ပါတယ်။