အခုလက်တလော ထိုင်းနိုင်ငံကိုပစ်မှတ်ထားပြီး လိမ်လည်မှုတွေ၊ လူကုန်ကူးတာတွေ ဆောင်ရွက်နေတာကြောင့် နယ်စပ်ဂိတ်တွေကို တင်းကြပ်စွာ ထိန်းချုပ်စစ်ဆေးမှုတွေ ပြုလုပ် ဖို့အတွက် အစိုးရကို ထိုင်းနိုင်ငံ အတိုက်အခံလွှတ်တော်အမတ်တစ်ဦးက တိုက်တွန်းပြောကြားခဲ့တာကို The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို ထိထိရောက်ရောက် အသုံးချနေတဲ့ မသမာသူတွေကို ရပ်တန့်နိုင်ဖို့အတွက် နယ်စပ်ဂိတ်တွေကို တင်းကြပ်စွာ ထိန်းချုပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ထိုင်းအစိုးရကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ပြည်ပကနေ ဖုန်းခေါ်ဆိုတာတွေနဲ့ လူကုန်ကူးတဲ့ ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းသွားလာမှုအဖြစ် အသုံးပြုတာတွေကနေ တားဆီးနိင်ဖို့အတွက် အထူးစောင့်ကြည့်ဇုန်တွေ တည်ဆောက်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

နယ်စပ်ဒေသအချို့ကို အထူးစောင့်ကြည့်ရေးဇုန်တွေ သတ်မှတ်ဖို့ အဆိုပြုခဲ့ပြီး၊ တရားဝင်အကြောင်းပြချက်မရှိဘဲ နိုင်ငံခြားသားတွေကို နယ်စပ်ဖြတ်ကျော်ခွင့်မပြုသင့်ကြောင်းလည်း အကြံပြုပြောကြားထားပါတယ်။ဒါ့အပြင် ထိုင်းနိုင်ငံကို လူကုန်ကူးတာတွေမှာ ဖြတ်သန်းရာအချက်အချာနေရာအဖြစ် အသုံးပြုနေတာကြောင့် ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သေချာတိကျတဲ့မဟာဗျူဟာ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်တွေ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။