အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် ဘူတာရုံမှာ ဘုရားပွဲကို သွားမယ့် ရထားတွေပေါ် ခရီးသည် စုပြုံတိုးဝှေ့တက်ရာ ကနေ လူနင်းမှုဖြစ်ပြီး အနည်းဆုံးလူ (၁၈) ယောက် သေဆုံးသွားပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး (၉) ယောက် နဲ့ ကလေးငယ် (၅) ယောက် ပါဝင်သွားပြီး ဖြစ်စဉ်ဟာ စနေနေ့က ဒေသစံတော်ချိန် ည (၁၀) နာရီမှာ နယူးဒေလီဘူတာမှာ ဖြစ်ပွားခဲ့တာပါ။ ရထားနှစ်စင်းဟာ အချိန်နောက်ကျတာ နဲ့ ခရီးသည်တွေ စုပြုံတက်ဖို့ ကြိုးစားရာကနေ လူပြည့်ကျပ်ညှပ်ပြှီး လူနင်းမှုဖြစ်ပွားခဲ့တာပါ။ အခြေအနေဟာ ၁၅ မိနစ်ခန့် ထိန်းမနိုင် သိမ်းမနိုင်ရဖြစ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခရီးသည်အများစုဟာ ပရာယက် ရာ့ဂျ်မြို့မှာ ကျင်းပနေတဲ့ မာဟာ ကုန်မိလ ဘာသာရေးပွဲတော်ကို သွားရောက်မယ့်သူတွေဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သီတင်းအနည်းငယ်က အဲဒီမြို့ရဲ့ ဘုရားပွဲတစ်ခုမှာ လူနင်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုတစ်ခါ ဘုရားပွဲကို သွားမယ့်ခရီးသည်တွေ ဘူတာရုံမှာ လူနင်းမှုထပ်မံဖြစ်ပွားတာပါ။
အဲဒီလူသေဆုံးမှုတွေကြောင့် စိတ်သောက ရောက်ရကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောပါတယ်။ သေဆုံးသွားသူတွေနဲ့ အတူကြေကွဲရကြောင်း ဒဏ်ရာရသူတွေလည်း အမြန်ဆုံး သက်သာပျောက်ကင်းဖို့ ဆုတေင်းပေးနေကြောင်း မိုဒီက သူရဲ့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။