ဂါဇာမှာ ပြန်ပေးဆွဲချုပ်နှောင်ခံထားရတဲ့ ဓားစာခံတွေ လွှတ်ပေးရေးအတွက် ဟားမာ့စ်နဲ့ သဘောတူမှုတစ်ခု ရရှိ ထားကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီသဘောတူညီချက်ကို တနင်္ဂနွေနေ့မှာ စတင်အကောင်အထည်ဖော်နိုင်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက မျှော်လင့်ထားပြီး ဂါဇာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်နားတာနဲ့အတူ ပြန်ပေးဆွဲခံ ဓားစာခံတွေနဲ့ အစ္စရေးလက်ထဲက ပါလက်စတိုင်း အကျဉ်းသားတွေ အသုတ်လိုက် ပြန်လွှတ်ပေးရေးအထိ ဖြစ်ပေါ်စေမှာပါ။ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက လည်း အဲဒီသဘောတူညီချက်ကို အတည်ပြုရေးအတွက် အစ္စရေးလုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းတစ်ရပ် ခေါ်ယူဖို့ ညွှန်ကြားထားပါတယ်။ ဟားမာ့စ်နဲ့ အစ္စရေးကြား သဘောတူညီချက်ရကြောင်း ကြေညာတဲ့ ဗုဒ္ဓဟူးနေ့ ကစပြီး ဂါဇာထဲမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ(၈၀)ကျော် သေဆုံးခဲ့ရပါတယ်။

ဒါဟာ အခု သီတင်း ပတ်အတွင်း တစ်နေ့တာ လူသေဆုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ တွေကလည်း အဲဒီ သဘောတူညီချက်ကို ကြိုဆိုလိုက်ကြပြီးတော့ ဂါဇာထဲမှာ အကူအညီတွေ တိုးမြှင့်ပေးအပ် သွားမယ်လို့ ကတိပြုထားကြပါတယ်။ ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ အေဂျင်စီကလည်း စစ်ဒဏ်ကြောင့် ထိခိုက်နာကျင်ရမှုတွေ သက်သာလျော့ပါးစေဖို့အတွက် ဂါဇာထဲကို လူသားချင်းစာနာမှု အကူအညီတွေ နှောင့်နှေးမှု၊ ဟန့်တားခံရမှုမရှိဘဲ အလျင်အမြန် ရောက်ရှိနိုင်ရေး တောင်းဆိုလိုက်ကြပါတယ်။