ဂါဇာမှာ အစ္စရေးနဲ့ ထိုင်းဓားစာခံတွေကို ဟားမာ့စ်အဖွဲ့က ပြန်လွှတ်ပေးချိန် လူစုလူဝေးဖြစ်ပေါ်ပြီး လူအုပ်က ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့အပေါ် အစ္စရေးခေါင်းဆောင်တွေက ကြာသပတေး နေ့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အဲဒီအတွက် ပါလက်စတိုင်းအကျဉ်းသား အယောက်(၁၁၀) လွှတ်ပေးဖို့ကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက နာရီအတန်ကြာ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဂါဇာဒေသ ခန်ယိုနစ္စမြို့မှာ ဓားစာခံတွေကို ဟားမာ့စ်အဖွဲ့က ကြက်ခြေနီအသင်းဆီ လွှဲပြောင်းပေးခဲ့ချိန်မှာ လူထောင်ပေါင်းများစွာက ပျော်ရွှင်မြူးတူးပြီး အော်ဟစ်နေခဲ့ပါတယ်။ အဲဒီ မြင်ကွင်းတွေကို အစ္စရေးနိုင်ငံ တစ်လွှားက ပြည်သူတွေက တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကနေ ကြည့်ရှုခဲ့ကြရတဲ့နောက် ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးဖို့ အချိန်နာရီအတန်ကြာ ရွှေ့ဆိုင်းမှုဖြစ်ပေါ်ခဲ့တာပါ။အဲဒီမြင်ကွင်းတွေဟာ ထိတ်လန့်စရာကောင်းပြီး နောက်တစ်ခါ အဲဒီလိုမျိုး ထပ်မဖြစ်စေရေး အာမခံချက်ပေးဖို့ အပစ်ရပ်သဘောတူညီချက်ကို ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ကာတာ၊ အီဂျစ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကို အစ္စရေးက တောင်းဆိုထားပါတယ်။

ကြာသပတေးနေ့ မနက်က အစ္စရေးစစ်သား အဂမ် ဘာဂါကို ဂါဇာ မြောက်ပိုင်း ဂျဘာလ်ယာမှာ ပြန်လွှတ်ချိန် ဘာပြဿနာမှ မရှိခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ မွန်းလွဲပိုင်းမှာ ကျန်ရှိနေတဲ့ အစ္စရေး (၂)ယောက်နဲ့ ထိုင်း ဓားစာခံ (၅)ယောက်ကို ပြန်လွှတ်ပေးချိန်မှာတော့ လူစုလူဝေး ဖြစ်ပေါ်ပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြပါတယ်။ အဲဒီမြင်ကွင်းတွေကြောင့် အစ္စရေး ပြည်သူအများစုကို ထိတ်လန့်နာကျင်စေခဲ့ပါတယ်။ ထူးခြားတာကတော့ အဂမ် ဘာဂါကို လွှတ်ပေးတဲ့ ဖြစ်စဉ်နဲ့မတူဘဲ အဲဒီ ဓားစာခံ (၇)ယောက်ကို လွှတ်ပေးတဲ့ ဖြစ်စဉ်ကို ဟားမာ့စ်နဲ့ တခြား ဂျီဟတ် အုပ်စုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဓားစာခံတွေ လွှတ်ပေးချိန်မှာ အနီးအနားမှာ လူထောင်ပေါင်းများစွာရှိနေခဲ့ပြီး ပြိုကျပျက်စီးနေတဲ့ အိမ်တွေပေါ်ကနေလည်း ဝိုင်းအုံ့ကြည့်ရှုသူတွေနဲ့ စည်းကားနေခဲ့ပါတယ်။