ဂါဇာအပစ်ရပ်စဲရေးနဲ့ ဓားစာခံ လွှတ်ပေးရေး သဘောတူညီချက် ပေါ်ပေါက်ရေး လမ်းစမြင်နေရပြီလို့ ယုံကြည် ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ဘိုင်ဒန်အစိုးရသက်တမ်းအတွင်း ဂါဇာအရေးနဲ့ ပတ်သက်ပြီး ပထမဆုံး အခြေအနေအပေါ် အကောင်းမြင်တဲ့ သဘောထားတွေကို တွေ့မြင်လာရတာလည်း ဖြစ်ပါ တယ်။

ဒါပေမဲ့ ဂါဇာအရေးကို အဆုံးသတ်မဲ့ သဘောတူညီချက်တစ်ခု စေ့စပ်ညှိနှိုင်းမှုတွေကနေ ပေါ်ထွက် မလာခင်အထိ သတိထားစောင့်ကြည့်ဖို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုဆွေးနွေးဆဲ သဘောညီချက်အရ ဟားမာ့စ်ဟာ သဘောတူညီချက်ရဲ့ ပထမအဆင့်မှာ ဓားစာခံ (၃၃)ယောက်ကို လွှတ်ပေးဖို့ မျှော်လင့်ရကြောင်း အစ္စရေး အရာရှိတွေက ပြောပါတယ်။ အဲဒီသဘောတူညီချက်ကို သမ္မတဘိုင်ဒန်ရဲ့ သက်တမ်းမကုန်ဆုံးခင် နောက်ဆုံးရက်တွေမှာ ကြေညာနိုင်မယ်လို့လည်း အမေရိကန်ဘက်က မျှော်လင့်ထားကြပါတယ်။

အစ္စရေး၊ ဟားမာ့စ်နဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ထွက်ပေါ်လာဖွယ်ရှိတဲ့ သဘောတူညီချက်ရဲ့ နောက်ဆုံးအပိုင်းတွေကို ဆက်လက် ညှိနှိုင်းနေကြပါတယ်။ နောက်ဆုံးမူကြမ်းကို နှစ်ဖက်စလုံးက ဆွေးနွေးနေကြပြီး တစ်ဖက်စီက စေ့စပ် ညှိနှိုင်းရေးမှူးတွေဆီကို သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး အသိပေး ပြောဆိုဆွေးနွေးနေကြောင်း CNN ကို ဟားမာ့စ်အရာရှိတွေက ပြောပါတယ်။ အမေရိကန် ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဖိုင်းနားကလည်း စေ့စပ်ညှိနှိုင်းမှုမှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့ အတည်ပြုပြောဆိုထားပါတယ်။