နာမည်ကျော် ဂွါတာနာမို ပင်လယ်အော်မှာ ရွှေ့ပြောင်းအခြေချသူ (၃၀၀၀၀)လောက်ကို ထားလို့ရမဲ့ အကျဉ်း စခန်းတစ်ခု တည်ဆောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။

အဲဒီအကျဉ်းစခန်းမှာ အမေရိကန်ပြည်သူတွေကို ခြိမ်းခြောက်ရန်မူတဲ့ အဆိုးသွမ်းဆုံး ရာဇဝတ်သား ရွှေ့ပြောင်းအခြေချသူတွေကို ထားရှိမှာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။
အကျဉ်းစခန်းကိုတော့ လုံခြုံရေး အထူးတင်းကျပ်တဲ့ စစ်ထောင်နဲ့ သီးသန့်ခွဲထုတ် တည်ဆောက်သွားမှာဖြစ်တယ်လို့လည်း ထရမ့်က ပြောပါတယ်။ ဂွါတာနာမို ပင်လယ်အော်ဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ထားတဲ့နေရာအဖြစ် ကာလရှည် အသုံးပြုနေခဲ့တဲ့ နေရာပါ။

အဲဒီလို ထားရှိမှုကို လူ့အခွင့်အရေးအဖွဲ့တချို့က ဝေဖန်ပြစ်တင်လေ့ ရှိကြပါတယ်။
ထရမ့်ရဲ့ နယ်စပ်ရေးရာအကြီးအကဲ သော(မ်) ဟိုမန်း ကလည်း ဂွါတာနာမိုက အဲဒီအကျဉ်းစခန်းကို တိုးချဲတည်ဆောက်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာန(ICE)က ကြီးကြပ်စီမံသွားမယ်လို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ပင်လယ်ပြင်မှာ အမေရိကန် ကမ်းရိုးတန် အစောင့်တပ်က ကြားဖြတ်ဖမ်းမိတဲ့ ရွှေ့ပြောင်းတွေဟာ အဲဒီစခန်းကို တိုက်ရိုက်အပို့ခံရနိုင်ပြီး အကျဉ်းစခန်းကို တင်းကျပ်တဲ့ စံနှုန်းတွေနဲ့ စီမံသွားမှာဖြစ်တယ်လို့ သော(မ်)ဟိုမန်းက ပြောပါတယ်။

သမ္မတ ထရမ့်က ဆိုးရွားတဲ့ ရာဇဝတ်မှု၊ ခိုးမှုတွေကို ကျူးလွန်တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို တရားစီရင်စစ်ဆေးနေစဉ်မှာ ထောင်ထဲ ထားရှိနိုင်စေမဲ့ လာကန် ရီလေ အက်ဥပဒေကို လက်မှတ်ရေးထိုးလိုက်ပြီး တဲ့နောက် ဂွါတာနာမို အကျဉ်းစခန်းတည်ဆောက်ဖို့ အမိန့်ပေးလာခဲ့တာ ဖြစ်ပါတယ်။