တစ်နှစ်ကြာ စိစစ်ရေးလုပ်ငန်းစဉ်တွေကို စောင့်ဆိုင်းခဲ့ရပြီး အမေရိကန်ပြည်ထောင်စုကို သွားရောက်ရမဲ့ အချိန်ကို စောင့်နေတဲ့ ဒုက္ခသည်တွေဟာ အခုတော့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခံရမှုနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒီအတွက် အမေရိကန်ပြည်ကို သွားရမဲ့ရက်ကို စောင့်နေတဲ့ ဒုက္ခသည်တွေဟာ လမ်စပျောက်ပြီး သောင်တင်နေ ကြရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန စာရွက်စာတမ်းတစ်ခုကို ကိုးကားပြီး CNN က ဖော်ပြပါတယ်။

သမ္မတထရမ့်က ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ရပ်ဆိုင်းကြောင်း သမ္မတအုပ်ချုပ်ရေးအမိန့်ကို လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်တဲ့နောက်မှာ နိုင်ငံခြားရေးဌာနရဲ့ အမိန့်စာလွှာ ထွက်ပေါ်လာတာပါ။ အမေရိကန်ပြည်ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ဒုက္ခသည်တွေရဲ့ ခရီးစဉ်တွေအားလုံး ဖျက်သိမ်းခံရပြီး နောက်ထပ် ခရီးသွားရက်ချိန်း လုပ်ပေးတာတွေ မရှိတော့ပါဘူး။ အဲဒါကြောင့် ဒုက္ခသည် လက်ခံရေးစင်တာ RSCs တွေ အနေနဲ့ ဒုက္ခသည် လက်ခံရေးအတွက် ခရီးသွားလာခွင့် တောင်းဆိုတာမျိုး မလုပ်ဖို့ အဲဒီ အမိန့်စာလွှာမှာ ဖော်ပြထားပါတယ်။ ခန့်မှန်းခြေအားဖြင့် ဒုက္ခသည် (၁၀၀၀၀)ဟာ ခရီးသွားဖို့အတွက် ကြိုတင်ရက်ချိန်း ရထားကြပြီးဖြစ်ပါတယ်။

အဲဒီလို ခရီးစဉ် ဖျက်သိမ်းမှုဟာ ဆေးနဲ့ လုံခြုံရေး စိစစ်ချက် သက်တမ်းကုန်ဆုံးခါနီး ဒုက္ခသည်တွေအတွက် ပိုပြီး အခက်တွေ့စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်လက်ခံရေး စိစစ်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းကြောင်း ကြေညာ တဲ့အတွက် ဒုက္ခသည် လက်ခံရေး အစီအစဉ်တစ်ခုလုံး ပျက်ပြယ်ကြောင်း အမိန့်စာလွှာက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်အတွက် ပြည်ပမှာ အလုပ်လုပ်ခဲ့သူတွေ အပါအဝင် အထူး လ.၀.က ဗီဇာ ကိုင်ဆောင်သူတွေအနေနဲ့ ကတော့ ကင်းလွတ်ခွင့်ရပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်နိုင်ကြောင်း ဖော်ပြထားပါတယ်။ အမေရိ ကန်ကို ရောက်နှင့်ပြီးတဲ့ ဒုက္ခသည်တွေအနေနဲ့လည်း ဝန်ဆောင်မှုတွေကို ဆက်လက် ရယူနိုင်တယ် အမေရိကန် နိင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမိန့်စာလွှာမှာ ဖော်ပြထားပါတယ်။