နေရပ်ပြန်ပို့ခံရတဲ့ ရွှေ့ပြောင်းဒုက္ခသည် ပထမအသုတ်ကို တင်ဆောင်တဲ့ လေကြောင်းခရီးစဉ်ဟာ ပနားမားနိုင်ငံ ကနေ အင်္ဂါနေ့က ထွက်ခွာပျံသန်းသွားခဲ့ပါတယ်။
ဒီလိုနေရပ်ပြန်ပို့တဲ့ အစီအစဉ်ဟာ အန္တရာယ်များတဲ့ ဒါရီယန်း တောအုပ်ကို ဖြတ်သန်းပြီး အမေရိကန်ုနိင်ငံကို လာရောက်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည် စီးကြောင်းတွေကို တားဆီးရေး မဟာဗျူဟာရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။
ရွှေ့ပြောင်းဒုက္ခသည်အရေးက အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ထိပ်တန်းဦးစားပေး ကိစ္စရပ်တစ်ခုအဖြစ် ရှိလာနေတဲ့နောက် ရွေးကောက်ပွဲအလို သုံးလအကြာ မှာ ဝါရှင်တန်ရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ နေရပ်ပြန်ပို့တဲ့ လေကြောင်းခရီးစဉ်တွေ ပေါ်ပေါက်လာတာပါ။
အဲဒီအစီအစဉ် အရ ပထမဆုံး လေကြောင်းခရီးစဉ်ဟာ ပနားမားမြို့ကနေ ကိုလံဘီယာနိုင်ငံသား အယောက်(၃၀)ကို တင်ဆောင် သွားခဲ့တယ်လို့ အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ အဲဒီကိုလံဘီယာ နိုင်ငံသားတွေဟာ မိခင်နိုင်ငံမှာ ပြစ်မှုမှတ်တမ်းရှိသူတွေဖြစ်ပြီး ကိုလံဘီယာနဲ့ ပနားမားကြားက ဒါရီယန်းတောနက်ကြီးကို ဖြတ်ကျော်ပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံရသူတွေလို့လည်း ပြောပါတယ်။
နေရပ်ပြန်ပို့ခံရ တဲ့ အဲဒီလူတွေကို တာဝန်ရှိသူတွေက ဖမ်းချုပ်ပြီး လက်ထိပ်ခတ်လျက် လေယာဉ်ပေါ် တင်ပေးခဲ့ကြပါတယ်။ အမေရိကန်တာဝန်ရှိသူတွေက အဲဒီလို နေရပ်ပြန်ပို့ရေး လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲဖို့အတွက် အမေရိကန် ဒေါ်လာ ၆ သန်း ဘတ်ဂျက် လျာထားပါတယ်။
ပနားမားအရာရှိတွေကိုလည်း သင်တန်းပေးနေပြီးတော့ လေယာဉ် ခရီးစဉ်တွေကို တို့းချဲ့သွားဖို့ရှိနေပါတယ်။ ဒုက္ခသည် နေရပ်ပြန်ပို့ရေး အစီအမံတွေကို ပနားမားနိုင်ငံရဲ့ ဥပဒေတွေ နဲ့အညီ အကောင်အထည်ဖော်နေကြောင်းလည်း အမေရိကန်ဘက်က ပြောထားပါတယ်။