ဒိန်းမတ်နိုင်ငံက စူပါမားကက်ဆိုင်တွေမှာ ကြာသပတေးနေ့က တောင်ကိုရီးယားထုတ် ရေမန် ချဉ်စပ်ခေါက်ဆွဲ ထုပ်တွေ ပြန်လည်ရောင်းချမှုကို ဒိန်းမတ်ပြည်သူတွေက ကြိုဆိုလိုက်ကြပါတယ်။
ဒိန်းမတ် အစားစာနဲ့ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က တောင်ကိုရီးယားထုတ် ရေမန်ချဉ်စပ်ခေါက်ဆွဲမှာ ကပ်ဆိုင်ချင် ပမာဏမြင့်မားစွာပါရှိနေတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဒိန်းမတ်စူပါမားကက်တွေက အဲဒီခေါက်ဆွဲထုပ်အမျိုးအစား သုံးမျိုးကို မရောင်းတော့ဘဲ ရပ်နားခဲ့တာပါ။
ပူလောင်တဲ့ ရသာရုံခံစားမှုကိုဖြစ်စေတဲ့ အဲဒီခေါက်ဆွဲထုပ်ထဲက ငရုတ်သီးမှုန့်ဟာ အများအပြား စားသုံးမှု ပြုလုပ်ရင် အဆိပ်သင့်တာ၊ အော့အန်တာ၊ မူးဝေတာနဲ့ သွေးပေါင်တက်တာတွေ ဖြစ်စေနိုင်တယ်လို့ ဒိန်းမတ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒိန်းမတ်အာဏာပိုင်တွေရဲ့ အဲဒီလို ပိတ်ပင်မှုကို ကမ္ဘာတစ်ဝန်းမှာ ခေါက်ဆွဲထုပ် ဖြန့်ဖြူးရောင်းချတဲ့ ဆမ်ယန်လုပ်ငန်းက စောဒကတက်ခဲ့ရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ခေါက်ဆွဲထုပ် အမျိုးအစား သုံးမျိုးထဲက နှစ်မျိုးမှာ ကပ်ဆိုင်ချင်ဓာတ် ပမာဏ သတ်မှတ်ထားတာထက် ကျော်လွန်မှု မရှိဘူးလို့ ဒိန်းမတ် တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ဆိုင်တွေမှာ ပြန်လည်ရောင်းချခွင့်ရရှိရာမှာ ဆမ်ယန်လုပ်ငန်းက ကိုပင်ဟေဂင်မြို့လယ်ကို ဖြတ်သန်းခုတ်မောင်းတဲ့ အပျော်စီး သင်္ဘောတစ်စင်းပေါ်မှာ ကြိုဆိုပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီအထိမ်းအမှတ်ပွဲမှာ ဆမ်ယန်လုပ်ငန်းက ငှားရမ်းထားတဲ့ ဆိုရှယ်အင်ဖလူယန်ဇာတွေ ၊ ခေါက်ဆွဲကို နှစ်ခြိုက်အားပေးသူတွေနဲ့ ဂျာနယ်လစ်တချို့ဟာ စာဖိုမှူးတွေ ပြင်ဆင်တည်ခင်းပေးတဲ့ ခေါက်ဆွဲကို သုံးဆောင်အားပေးခဲ့ကြပါတယ်။