ယူကရိန်းမှာ ဒဏ်ရာရတဲ့ ရုရှားစစ်သည် ရာပေါင်းများစွာကို မြောက်ကိုရီးယားက လက်ခံ ကုသပေးနေတယ်လို့ မြောက်ကိုရီယား ဆိုင်ရာ ရုရှားသံအမတ်ကြီးက မီဒီယာတွေကို အတည်ပြုပြောဆိုပါတယ်။ဒဏ်ရာရ ရုရှားစစ်သည်တွေဟာ မြောက်ကိုရီးယားဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေတာကို ရုရှားပိုင်မီဒီယာ Rossiyskaya Gazeta နဲ့သီးသန့် အင်တာဗျူးမှာ သံအမတ်ကြီးက အတည်ပြုပြောဆိုသွားတာပါ။

နှစ်နိုင်ငံကြား ညီအစ်ကိုစိတ်ထားရှိမှုဟာ ဒဏ်ရာရ စစ်သည်ရာပေါင်းများစွာ ပြန်လည်ကျန်မာသန်စွမ်းလာတာတွေက ရှင်းရှင်းလင်းလင်း ပုံဥပမာပြဆိုနေတယ်လို့သံအမတ်ကြီးက ပြောပါတယ်။ ရုရှားသံအမတ်ကြီးရဲ့ မှတ်ချက်စကားဟာ ရုရှား နဲ့ မြောက်ကိုရီးယားကြား စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိလာတဲ့ နှစ်နိုင်ငံဆက်ဆံရေး လေးနက် နက်ရှိုင်းလာမှုကို ပြသနေပါတယ်။မော်စကို နဲ့ ပြုံယမ်းအကြား စစ်ရေးအရ အပြန်အလှန်ကူညီဖို့ ကတိပြုထားကြပြီးနောက်ပိုင်းမှာ မြောက်ကိုရီးယားဟာ ရုရှားဆီ စစ်ကူအဖြစ် တပ်ဖွဲ့ဝင် (၁၂၀၀၀) စေလွှတ်ထားတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေ နဲ့ အနောက်အုပ်စု ထောက်လှမ်းရေး အဖွဲ့တွေက ပြောပါတယ်။