ရုရှားမှာ ထိန်းသိမ်းထားတဲ့ ယူကရိန်းစစ်သားတွေနဲ့ ဖမ်းဆီးထားတဲ့ မြောက်ကိုရီးယားစစ်သားတွေ လဲလှယ်ဖို့ ယူကရိန်းသမ္မတက ကမ်းလှမ်းလိုက်ကြောင်း CNN သတင်းမှာ ရေးသားထားပါတယ်။
ယူကရိန်းသမ္မတ Zelensky က ရုရှားနိုင်ငံ Kursk ဒေသမှာ ဖမ်းဆီးထားတဲ့ ယူကရိန်းစစ်သားတွေကို ပြန်လွှတ်ပေးစေချင်ကြောင်း ပြောကြား လိုက်ပါတယ်။ ရုရှားမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ယူကရိန်းစစ်သည်တော်တွေကိုလွှတ်ပေးရင် ယူကရိန်းမှာ ထိန်း သိမ်းထားတဲ့ မြောက်ကိုရီးယားစစ်သားတွေကိုလည်း ပြန်လည်လွှဲပြောင်းပေးဖို့ အဆင်သင့်ပါပဲလို့ X လူမှုကွန်ရက် မှာ ယူကရိန်းသမ္မတက ပြောကြားထားပါတယ်။
ယူကရိန်းဘက်ကနေ မြောက်ကိုရီးယား တပ်သားနှစ်ယောက်ကို စနေနေ့က ဖမ်းမိခဲ့တာဖြစ်ပြီး ရုရှားမှာ ထိန်းသိမ်းထားတဲ့ ယူကရိန်းစစ်သားတွေနဲ့ အလဲအလှယ်လုပ်ဖို့ ယူကရိန်း သမ္မတက ကမ်းလှမ်းလိုက်တာပါ။ ဗီဒီယိုဖိုင်ထုတ်ပြန်ချက်တွေအရ ဖမ်းဆီးရရှိတဲ့ တပ်သားနှစ်ယောက်စလုံးမှာ ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။