သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်နေချိန်က တရားဝင်လုပ်ရပ်တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရှိကြောင်း အမေရိကန်တရားရုံးချုပ်က ဇူလိုင် ၁ ရက်နေ့မှာ စီရင်ချက်ချမှတ်ခဲ့ပါတယ်။

ဒီစီရင်ချက်ဟာ အမေရိကန်နိုင်ငံရေးစနစ်အတွက် ကျယ်ပြန့်တဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်ပြီး အနာဂတ် သမ္မတတွေရဲ့ အာဏာနဲ့ ပြစ်ဒဏ်မခံရတဲ့အခြေအနေတွေ ချဲ့ထွင်လာနိုင်တယ်လို့ အမေရိကန်ဥပဒေပညာရှင် တွေက ဝေဖန်ပြောဆိုကြပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အာဏာအတွင်း ပါဝင်တဲ့ ဘယ်လုပ်ရပ်အတွက်မဆို အမေရိကန်သမ္မတကို တရားစွဲဆိုတာ မပြုနိုင်ဘူးလို့ သမ္မတအပေါ် လွတ်ငြိမ်းချမ်းသာခွင့်ကို ပထမဆုံးအကြိမ် အသိအမှတ်ပြုတဲ့ အထင်ကရ စီရင်ချက်တစ်ခုကို အမေရိကန် တရားရုံးချုပ်က ချမှတ်ခဲ့တာပါ။
ရှေးရိုးစွဲ တရားသူ ကြီးအများစု ပါဝင်ပြီး ၆ မဲ ၃ မဲနဲ့ အတည်ဖြစ်ခဲ့တဲ့ တရားရုံးချုပ်ဆုံးဖြတ်ချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲ အရေးနိမ့် မှုကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲမှုအပေါ် ထရမ့်က လွတ်ငြိမ်းခွင့်တောင်းတာကို ငြင်းဆိုထားတဲ့ အောက် တရားရုံးဆုံးဖြတ်ချက်ကို ပယ်ချထားပါတယ်။

စီရင်ချက်ဟာ ရွေးကောက်ပွဲအဖျက်အမှောင့်ပြုမှုအတွက် ထရမ့်ကို အရေးယူဖို့ ကြိုးပမ်းနေတဲ့ အထူးအစိုးရရှေ့နေ ဂျက်စမစ်အတွက် စိန်ခေါ်မှုများစွာ ဖြစ်စေလိမ့်မယ်လို့ ချာလ်တန် ကောလိပ်က ပါမောက္ခ ကလာရီ ဝို့ဖို့ဒ်က ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် စီရင်ချက်ဟာ အမေရိကန် သမ္မတတွေကို အလွန်ကျယ်ပြန့်စွာ အကာအကွယ်ပေးထားပြီး သမ္မတရာထူးကို ပြန်လည်ပုံဖော်ပေးရုံသာမက၊ အမေရိကန်စနစ်ရဲ့ လုပ်ဆောင်ချက်တစ်ခုလုံးကိုပါ သက်ရောက်စေပြီး အာဏာရှင်စနစ်ဆီ ဦးတည်သွားဖို့ အလားအလာရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။