ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့က သူတို့ရဲ့ ပို့ကုန်တွေအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်စည် ခွန် စည်းကြပ်မှုကို တုံ့ပြန်သွားမယ်လို့ ပြောလိုက်ပါတယ်။ ထရမ့်က ကနေဒါနဲ့ မက္ကဆီကနေလာတဲ့ သွင်းကုန်တွေ အပေါ် ကုန်စည်ခွန် (၂၅)ရာခိုင်နှုန်း စည်းကြပ်မှာဖြစ်ပြီး တရုတ်ကုန်စည်တွေအပေါ်မှာ အခွန်(၁၀)ရာခိုင်နှုန်း ထပ် တိုး စည်းကြပ်သွားမယ်လို့ ပြောပါတယ်။

အဲဒီလို ကုန်စည်ခွန်တွေ စည်းကြပ်ရတာဟာ တရားမ ဝင်ရွှေ့ပြောင်း ဝင်ရောက်မှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ဖောက်ကားမှုအပေါ် စိုးရိမ်ချက်ကြောင့် ချမှတ်ရတာလို့ သမ္မတ ထရမ့်က ပြောပါတယ်။ တရားမ ဝင်ရွှေ့ပြောင်း ဝင်ရောက်မှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ရေးဟာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရင် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့တဲ့ အဓိက ကျတဲ့ မဲဆွယ်ကတိတွေထဲက ကိစ္စရပ်နှစ်ခု ဖြစ်ပါတယ်။ ထရမ့်ရဲ့အခွန်စည်းကြပ်မှုအပေါ် ကနေဒါနဲ့ မက္ကဆီကို တို့ကလည်း တုံ့ပြန်မှုအနေနဲ့ အမေရိကန်ကုန်စည်တွေအပေါ်မှာ အလားတူ ကုန်စည်ခွန်တွေ စည်းကြပ်ဖို့ ပြင်ဆင် နေကြောင်းနဲ့ တရုတ်နိုင်ငံက ဆိုရင် သူ့ရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ခုခံကာကွယ်ဖို့အတွက် လိုအပ်တဲ့ တန်ပြန်အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ပြောထားပါတယ်။

အခုလို အခွန်စည်းကြပ်မှု ချမှတ်တာနဲ့ တန်ပြန်အခွန်စည်းကြပ်တာတွေက ကမ္ဘာ့ကုန်သွယ်ရေးစစ်မှာ ခေတ်သစ်တစ်ခု စတင်တဲ့ ပြယုဂ် လည်း ဖြစ်ပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ အမေရိကန်ရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုနဲ့ တခြားနိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေဟာ ကား ၊ သစ် ၊ သံမဏိ ၊ အစားအစာနဲ့ အရက်ယမကာ အစရှိတဲ့ ထုတ်ကုန် အများအပြားရဲ့ စျေးနှုန်းကို မြင့်တက်စေမယ်လို့ သတိပေးထားပါတယ်။