အပြာရုပ်ရှင်မယ်ကို ငွေပေးနှုတ်ပိတ်တဲ့ ထရမ့်ရဲ့ အမှုအပေါ် စီရင်ချက်ချမှတ်မယ့်နေကို နိုဝင်ဘာ (၅) ရက်နေ့ နောက်ပိုင်းအထိ နယူးယောက်တရားရုံး တရားသူကြီးက သောကြာနေ့မှာ ရွှေ့ဆိုင်းလိုက်ပါတယ်။
ပထမပိုင်းတုန်းက အဲဒီအမှုနဲ့ ပတ်သက်ပြီး ရီပတ်ဘလီကန် သမ္မတလောင်း ဖြစ်တဲ့ ထရမ့်အပေါ် စက်တင်ဘာ (၁၈) ရက်နေ့မှာ စီရင်ချက် ချဖို့ ဆုံးဖြတ်ထားပေမဲ့ အခုရက်ရွှေ့ဆိုင်းသွားတာပါ။ ထရမ့်က တရားသူကြီး ယွန် မာချန်းကို စီရင်ချချမဲ့ အချိန်ကို မဲပေးမှုပြီးတဲ့နောက်ပိုင်းအထိ ရွှေ့ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒီအတွက် ထရမ့်ကို နိုဝင်ဘာ (၂၆) ရက်နေ့မှာ စီရင်ချက်ချသွားဖို့ စီစဉ်ခဲ့ကြောင်း တရားသူကြီး မာချန်းက ပြောပါတယ်။
တရားရုံးချုပ်ရဲ့ ကင်းလွတ်ခွင့် ဆုံးဖြတ်ချက်ကြောင့် သူ့အပေါ် ချမှတ်တဲ့ စီရင်ချက်တွေကို ပယ်ဖျက်ပေးဖို့ ထရမ့်ရဲ့ပန်ကြားမှုအပေါ် တရားရုံးက ချမှတ်လာမဲ့ စီရင်ချက်ကို အယူခံဝင်ဖို့ ထရမ့်မှာ အချိန်လုံလုံလောက်လောက်ရှိမှာ မဟုတ်ဘူးဆိုပြီး ထရမ့်ရဲ့ ရှေ့နေအဖွဲ့က ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက စောဒကတက်ခဲ့ကြပါတယ်။
တရားရုံးချုပ်က သမ္မတဟာ တာဝန်ထမ်းဆောင်ချိန် လုပ်ဆောင်ချက်တွေအတွက် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်း မခံရနိုင်ကြောင်း ၊ တာဝန်နဲ့ မသက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နေတဲ့ ရာဇဝတ်မှုတွေကို အမှုခိုင်မာအောင် တည်ဆောက်ရာမှာ သမ္မတတွေရဲ့ တရား၀င် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို အသုံးပြုခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
မန်ဟန်တန် ခရိုင် ရှေ့နေရုံးကတော့ သူတို့ကိုင်တွယ်နေတဲ့ အမှုဟာ ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေး အပြူအမူနဲ့သာ ဆိုင်ပြီး ရာထူးတာဝန်နဲ့ သက်ဆိုင်တဲ့ အမှုမဟုတ်ကြောင်း ၊ ဒီအတွက် အဲဒီအမှုနဲ့ ပတ်သက်တဲ့ စီရင်ချက် တစ်ရပ်ရပ်ကို ပယ်ဖျက်ဖို့ အကြောင်းမရှိကြောင်း တုံ့ပြန် စောဒက တက်ထားပါတယ်။