ဖယ်ဒရယ်စုံစမ်းရေးဗျူရို(FBI)ဒါရိုက်တာ ခရစ္စ ရေးဟာ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရ သက်တမ်းကုန်ဆုံးချိန်မှာ ရာထူးကနေ နုတ်ထွက်မှာဖြစ်တယ်လို့ (FBI)က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ကို ဖိအားပေးမှုတွေ ရှိလာမဲ့အရေး ထင်ရှားလာတဲ့နောက်မှာ FBI ဒါရိုက်တာက ဘိုင်ဒန် အစိုးရသက်တမ်း ကုန်ချိန်မှာ နုတ်ထွက်ဖို့ ဆောင်ရွက်လာတာပါ။

ထရမ့်ဟာ အရင် FBI ဒါရိုက်တာဟောင်းကို ထုတ်ပယ်ပြီးနောက် ရေးကို အမည်စာရင်တင်သွင်း ခန့်အပ်ခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ ကာ့ရှ် ပတ်တဲလ်ကို FBI ဒါရိုက်တာအဖြစ် ထပ်မံ ရွေးချယ်လာခဲ့ပြန်ပါတယ်။ လက်ရှိမှာ ထရမ့် အဆိုပြုထားတဲ့ ပတ်တဲလ်ဟာ လာမဲ့ နှစ်ထဲမှာလုပ်ဖို့ရှိမဲ့ ရာထူးအတည်ပြု ခန့်အပ်မဲခွဲမှုအတွက် ဆီးနိတ်အမတ်တွေနဲ့ တွေ့ဆုံမှုတွေ လုပ်နေပါတယ်။

ရေး ဟာ ထရမ့်က သူ့နေရာမှာ လူစားထိုးချင်တဲ့ သဘောထားတွေပြခဲ့တဲ့နောက် ရာထူးကနေ နုတ်ထွက်သင့် မသင့် စဉ်းစားသုံးသပ်နေပြီး အစိုးရ အာဏာလွှဲပြောင်းရေး ဖြစ်စဉ်ကို ကူညီပံ့ပိုးချင်တဲ့ ဆန္ဒရှိနေတယ်လို့ သတင်း ရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမဲ့ FBI အဖွဲ့ထဲမှာ ရေးရဲ့ နုတ်ထွက်မှုဟာ နောက်ပိုင်းမှာ ထရမ့်အနေနဲ့ သူ မနှစ်သက်တဲ့ FBI အကြီးအကဲတွေကို စိတ်ကြိုက် ဖြုတ်ထုတ် လူစားထိုးမှု လုပ်ရပ်ဟာ ပုံမှန်အစဉ်အလာ တစ်ခုလို ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။

၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုကို ကြီးကြပ်စစ်ဆေးခဲ့တဲ့ ဂျိမ်းစ်ကော်မဲကို ထရမ့်က FBI အကြီးအကဲနေရာကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာ ရေးဟာ FBI အဖွဲ့ကို တာဝန် ယူခဲ့သူပါ။ ဒါပေမဲ့ FBI ကို တာဝန်ယူပြီးနောက် သမ္မတဟောင်း ထရမ့်ရဲ့ အမှုတွေကို စုံစမ်းစစ်ဆေးရာမှာ ကြီးကြပ်ရတဲ့နောက်မှာ ထရမ့်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒီအတွက် ဘိုင်ဒန်အစိုးရ သက်တမ်းမကုန်ခင်မှာ FBI ဒါရိုက်တာ အဖြစ်ကနေ နုတ်ထွက်ဖို့ ဆောင်ရွက်လာရတာ ဖြစ်ပါတယ်။