ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်က သိမ်းပိုက်မယ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က ပြောဆိုပြီးနောက် စွပ်စွဲပြစ်တင်နိုင်တဲ့ ပုဒ်မတွေ တင်သွင်းနေတယ်လို့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ် အယ်လ်ဂရင်းက ပြောကြားလိုက်တာကို Politico သတင်းမှာရေးသားထားပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂါဇာဒေသ ကိုလွှဲပြောင်း ရယူဖို့နဲ့ ပါလက်စတိုင်းလူမျိုးတွေ အခြားနေရာတွေကို ပြောင်းရွှေ့အခြေချဖို့ အဆိုပြုခဲ့ပြီးနောက် အမေရိကန်လွှတ်တော်ကိုယ်စားလှယ် ဂရင်းက အခုလို ပြောကြားလာတာဖြစ်ပါတယ်။ မတရားမှုတွေအတွက် သမ္မတကို စွပ်စွဲပြစ်တင်ဖို့ လှုပ်ရှားမှု စတင်နေပြီလို့ အယ်လ်ဂရင်းကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ဂါဇာဒေသကို ရှင်းလင်းဖြိုဖျက်မယ်လို့ ရည်ရွယ်ပြောဆိုခဲ့ပါတယ်။ ဒါဟာ လူမျိုးတုံးစေဖို့အတွက် လုပ်ဆောင်တာဖြစ်ကြောင်း၊ လူမျိုးတုံးစေဖို့ လုပ်ဆောင်တာက ယုတ်ညံ့တဲ့ အကျင့်ဖြစ်ကြောင်း အမေရိကန်လွှတ်တော်ကိုယ်စားလှယ် ဂရင်းကပြောပါတယ်။