လော့စ်အိန်ဂျယ်လိစ်ဧရိယာမှာ လက်ရှိလောင်ကျွမ်းနေတဲ့ တောမီးအတွင်း ပဲရစ်ဟီလ်တန်အပါအဝင် ဟောလိဝုဒ် နာမည်ကျော်တွေရဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြလာပါတယ်။ မလီဘူးမှာရှိတဲ့ သူ့ရဲ့နေအိမ် မီးလောင်သွားတာကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တီဗီသတင်းမှာ တွေ့ခဲ့ရကြောင်း ဟီလ်တန်က အင်စတာဂရမ်မှာ ပို့စ်တင်ထားပါတယ်။

ဟောလိဝုဒ်သရုပ်ဆောင်နဲ့ အဆိုတော် မန်ဒီမိုးလ်ကလည်း လော့စ်အိန်ဂျယ်လိစ်၊ အယ်လ်တာဒီနာမှာရှိတဲ့ သူ့ရဲ့နေအိမ် မီးလောင်သွားပြီဖြစ်ကြောင်း အင်စတာဂရမ်စတိုရီမှာ တင်ထားသလို နာမည်ကျော်သရုပ်ဆောင် ဂျိမ်းစ်ဝုဒ်ကလည်း CNN နဲ့ အင်တာဗျူးမှာ လော့စ်အိန်ဂျယ်လိစ်က သူ့ရဲ့နေအိမ် မီးလောင်ခဲ့ကြောင်း ကြေကွဲစွာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် ဂျနီဖာဂရေး၊ အန်နာဖဲရစ်တို့အပါအဝင် အခြားဟောလိဝုဒ် အကျော်အမော်တွေရဲ့ နေအိမ် အများအပြားလည်း မီးလောင်ပျက်စီးတာ၊ နေအိမ်က စွန့်ခွာ ထွက်ပြေးခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။

တောမီးကြောင့် ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီကလည်း လာမယ့် အော်စကာဆုအတွက် ဆန်ခါတင်စာရင်းကြေညာချက်ကို ဇန်နဝါရီ ၁၉ ရက်အထိ ရွှေ့ဆိုင်းထားမယ်လို့ ကြေညာထားပြီး အော်စကာဆုအတွက် မဲပေးတဲ့ကာလကိုလည်း ဇန်နဝါရီ ၁၄ ရက်နေ့အထိ ၂ ရက် ထပ်တိုးမြှင့်ပေးလိုက်ပါတယ်။ လော့စ်အိန်ဂျယ်လိစ်နဲ့ အနီးအနား ဧရိယာတွေ မှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းအထိ သေဆုံးသူ ၅ ယောက် ရှိပြီး လူ ၁ သိန်းကျော် နေရာရွှေ့ပြောင်းခဲ့ရပါတယ်။