ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အနည်းဆုံး တောမီးလောင်ကျွမ်းမှု ၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၆ ရက်မှာ ပေါ်တူဂီက ဥရောပနိုင်ငံတွေကို မီးသတ်လေယာဉ်တွေ ကူညီဖို့ ထပ်မံမေတ္တာရပ်ခံခဲ့ ပါတယ်။

မြို့တော်လစ္စဘွန်းနဲ့ ပေါ်တိုကြားရှိ အဓိကအဝေးပြေးလမ်းမကြီး အပါအဝင် ကားလမ်းတွေကို ရဲတပ်ဖွဲ့ က ပိတ်ဆို့ထားပါတယ်။ အနောက်မြောက်ပိုင်း အာဗီရိုခရိုင်နဲ့ တခြားသုံးနေရာမှာ မီးသတ်သမား ၈၀၀ ကျော်နဲ့ မီးငြှိမ်းသတ်နေပြီး ကျေးရွာအများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဲဒီခရိုင်မှာ မီးသတ်လေ ယာဉ်ရှစ်စင်းကို ဖြန့်ကြက်ချထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပေါ်တူဂီရဲ့ အရပ်ဘက်ကာကွယ်ရေး ယန္တရားက ဥရောပကော်မရှင်ဆီက လေယာဉ်တွေ ထပ်မံတောင်းဆိုခဲ့ပြီး နိုင်ငံတစ်ဝန်း စုစုပေါင်း မီးသတ်သမား ၁၅၀၀ တာဝန်ထမ်းနေရကြပါတယ်။
သီတင်းပတ်ကုန်မှာ အပူချိန် ၈၆ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်ခဲ့ပြီး တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ဆက်လက်မြင့်မားနေမယ်လို့ မျှော်လင့်ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါ်တူဂီနဲ့ အိမ်နီးချင်း စပိန်တို့ဟာ အခုနှစ်မှာ မိုးရွာပြီးနောက် ပုံမှန်ထက် တောမီးလောင်ကျွမ်းမှု နည်းပါးခဲ့ ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီး ပိုမိုပူနွေးခြောက်သွေ့လာတဲ့အခြေအနေတွေကြောင့် တောမီးလောင်ကျွမ်းမှု နည်းပါး လာတာတောင် နှစ်နိုင်ငံစလုံး ခံနိုင်ရည်နည်းပါးတယ်လို့ သိရပါတယ်။