တောင်ကိုရီးယားနိုင်ငံက ဟိုတယ်တစ်ခုမှာ သြဂုတ် ၂၂ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၇ ယောက် သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်နဲ့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ဆိုးလ်မြို့တော် တောင်ဘက် ဘူချွန်က ကိုးထပ်ဟိုတယ်ရဲ့ ရှစ်ထပ်မှာ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးသတ် အာဏာပိုင်တွေက မီးသတ်ကား ၄၆ စီးနဲ့ မီးသတ်သမား ၁၅၀ ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေ နဲ့ ဒဏ်ရာရတွေကို မတူညီတဲ့ ဆေးဘက်ဆိုင်ရာဌာန ခြောက်ခုကို ပို့ဆောင်ထားတယ်လို့ Bucheon ပြည်သူ့ ကျန်းမာရေးစင်တာ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မီးလောင်နေတုန်း လူတချို့ဟာ ပြူတင်းပေါက် ကနေ လေသွင်းမွေ့ရာပေါ် ခုန်ချခဲ့ရပါတယ်။
မီးလောင်မှုဟာ အဆောက်အအုံအတွင်း မကူးစက်ပေမယ့် မီးခိုးငွေ့တွေကြောင့် လူအများအပြား သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဟိုတယ်မှာ အခန်း ၆၄ ခန်းရှိပြီး မီးလောင်မှုဖြစ်ပွားချိန်မှာ ဧည့်သည် ၂၇ ယောက်ရှိမယ်လို့ ခန့်မှန်းရပြီး သေဆုံးသူ တိုးလာနိုင်တယ်လို့ သိရပါတယ်။