အင်အားပြင်း တိုင်ဖွန်း ဂေမီဟာ တရုတ်(တိုင်ပေ)ကို ဖြတ်ကျော်ပြီး ကြာသပတေးနေ့မှာ တရုတ်ပြည်မကြီး အရှေ့ တောင်ပိုင်း ဖူကျန်းပြည်နယ်ကို ဒေသစံတော်ချိန် ည (၇)နာရီ မိနစ် (၅၀)ခန့်မှာ ဝင်ရောက်ခဲ့တယ်လို့ တရုတ်နိုင်ငံ ပိုင် စီစီတီဗီ (CCTV) သတင်းဌာနက ထုတ်ပြန်ပါတယ်။
တိုင်ဖွန်း ဂေမီဟာ အခုနှစ်အတွက် တရုတ်အရှေ့ပိုင်း ဒေသကို ဝင်ရောက်တဲ့ အကြီးဆုံး မုန်တိုင်းတစ်လုံး ဖြစ်ပါတယ်။ မုန်တိုင်း ဖြတ်သန်းခဲ့ရာ ဖိလစ်ပိုင်နိုင်ငံနဲ့ ဂျပန် နိုင်ငံ အိုကီနာဝါကျွန်းတွေမှာ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်စေခဲ့ပြီး တရုတ်ပြည် နေရာအများစုမှာ လည်း မုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
ဂေမီဟာ ဖူးကျန်း ပြည်နယ်ကို ဖြတ်သန်းပြီး မြောက်ဘက် ကုန်းတွင်းပိုင်းဆီ ရွေ့လျားကာ အားပျော့သွားမယ်လို့ တရုတ်မိုးလေဝသ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
မုန်တိုင်း မဝင်ခင်မှာ ရေကြီးရေလျှံမှု တားဆီးရေး နဲ့ သဘော၀ဘေး ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေအတွက် ဖူကျန်းနဲ့ ဇီကျန်းဒေသ အာဏာပိုင်တွေကလည်း သဘာ၀ဘေး သတိပေး ချက်တွေ ထုတ်ပြန်ထားတယ်လို့ စီစီတီဗီသတင်းဌာနက ပြောပါတယ်။
ဖူကျန်းပြည်နယ်မှာ ကမ်းရိုးတန်းနေ ပြည်သူတစ်သိန်းခွဲကို ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်း ထားပါတယ်။ ဖူချောင်နဲ့ ကွမ်ကျိုး မြို့တွေမှာလည်း လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းထားလိုက်ပြီး အဝေးပြေးလမ်း ၁၅၀၀ ကျော်နဲ့ တိုင်ဖွန်း ဖြတ်ကျော်မဲ့ နေရာတွေက ရထားလမ်းတွေကိုလည်း ပိတ်ထားရပါတယ်။