ဂျပန်နိုင်ငံမှာ တိုင်ဖွန်း ရှန်ရှန် ဆက်လက်တိုက်ခတ်နေပြီး မုန်တိုင်းနဲ့ ဆက်စပ်ဖြစ်စဉ်တွေအတွင်း အနည်းဆုံး လူ (၆)ယောက် သေဆုံးပြီးတော့ လူ(၁၂၅)ယောက် ဒဏ်ရာရထားတယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။
စနေနေ့မှာလည်း ဂျပန်နိုင်ငံမှာ တိုင်ဖွန်းရှန်ရှန်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတဲ့အတွက် မြေပြိုမှုတွေဖြစ်နေပြီး အာဏာပိုင်တွေက ရေကြီးရေလျှံမှုဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
နိပွန် လေကြောင်းလိုင်းနဲ့ ဂျပန်အဲဝေး အပါအဝင် လေကြောင်းလိုင်းတွေကလည်း ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းကြောင်း စနေနေ့မှာပဲ ကြေညာလာပါတယ်။
မီရှီမာခရိုင်၊ ရှီဇူကိုကာ ခရိုင်တွေနဲ့ နာဂိုယာမြို့လယ်ကို ပြေးဆွဲတဲ့ ကျည်ဆန်ရတားအပါအဝင် မီးရထားဝန်ဆောင်မှုတွေ အားလုံးကိုလည်း စနေနေ့ မနက်ပိုင်းမှာ ရပ်နား ထားပါတယ်။
တိုင်ဖွန်း ရှန်ရှန်ဟာ အခုလဆန်းပိုင်းတုန်းက နေရာရွှေ့ပြောင်းမှုနဲ့ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ တိုင်ဖွန်း အမ်ပီးလ်ပြီးရင် ဂျပန်မှာ လတ်တလောဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။