ကာတာနိုင်ငံမှာ ကုလသမဂ္ဂ ဦးဆောင်တဲ့စည်းဝေးပွဲမှာ အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့နဲ့ တွေ့ဆုံမှုဟာ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ပုံစံနဲ့ ဆွေးနွေးမှုမျိုး မဟုတ်ဘူးလို့ ကုလသမဂ္ဂ နိုင်ငံရေးရာ အကြီးအကဲ ရို့စ်မာရီ ဒီကာလိုက ဇူလိုင် ၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံပေါင်း ၂၅ နိုင်ငံက သံတမန်တွေ တက်ရောက်တဲ့ ဒိုဟာ အစည်းအဝေးဟာ ပင်လယ်ကွေ့နိုင်ငံအတွင်း တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လမှာ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးနောက်ပိုင်း တာလီဘန်တွေ ပထမဆုံး တက်ရောက်တဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ကို ပြန်လည် သိမ်းပိုက်ထားတဲ့ တာလီဘန်တွေကို နိုင်ငံတကာက အသိအမှတ်ပြု မထားပါဘူး။

အသိအမှတ်ပြုမှုဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအတွက်ဖြစ်ပြီး ကုလသမဂ္ဂအတွက် မဟုတ်ဘူးလို့ ဒီကာလိုက ပြောပါတယ်။ အာဖဂန်နစ္စတန်နဲ့ ထိတွေ့မှုဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာ အသိုက်အဝန်းအတွက် အကျိုးရှိစေမယ့် အခြေခံဆက်ဆံမှု ဖြစ်တယ်လို့ ယူဆတဲ့ နိုင်ငံတချို့ရဲ့ အကျိုးစီးပွားကို ကုလသမဂ္ဂက ကူညီဆောင်ရွက်ပေးတာလို့ ပြောပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် တာလီ ဘန်တွေက ပြင်းထန်တဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂက နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မိတယ်လို့လည်း ဒီကာလိုက ပြောပါတယ်။
ဒိုဟာစည်းဝေးပွဲမှာ တာလီဘန်တွေပါပေမယ့် အာဖဂန်အမျိုးသမီးတွေ မပါတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ကုလသမဂ္ဂကို ဝေဖန်ခဲ့ပါတယ်။
တာလီဘန်တွေ အာဏာရလာချိန်ကစပြီး မိန်းကလေးအများစုဟာ အထက်တန်းကျောင်း တက်ခွင့်နဲ့ တက္ကသိုလ်ဝင်ခွင့်တွေ ပိတ်ပင်ခံခဲ့ရပါတယ်။
တာလီဘန်တွေက အာဖဂန်အမျိုးသမီး ဝန်ထမ်းအများ စုကို အကူအညီပေးရေးအေဂျင်စီတွေမှာ အလုပ်မလုပ်စေတော့ဘဲ အလှပြင်ဆိုင်တွေလည်း ပိတ်ပစ်ခဲ့ပါတယ်။
ပန်းခြံတွေမှာ အမျိုးသမီးတွေကို တားမြစ်တာနဲ့ အမျိုးသားအုပ်ထိန်းသူမပါဘဲ အမျိုးသမီးတွေ ခရီးသွားတာကို တားမြစ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။