တရုတ်နဲ့ ရုရှားတို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ဖြစ်တဲ့ “ Maritime Interaction – 2024” ကို ပြုလုပ်ခဲ့ တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ လေကြောင်းရန် ကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေ့ကျင့်ခန်းတွေ ပါဝင်မယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂွမ်ဒေါင်းပြည်နယ်မှာ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ စစ်ရေးလေ့ကျင်မှုဟာ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့နဲ့ ကမ္ဘာနဲ့ ဒေသအလိုက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ရေတပ်တွေရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV က စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

အစီအစဉ်ကာလအတွင်း အရင်ဆွေးနွေးမှုတွေနဲ့ ဖလှယ်မှုရလဒ်တွေကို စမ်းသပ်ဖို့ ကျည်အစစ် သုံး ပစ်ခတ်မှုတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၁၇ ရက်မှာ အပြီးသတ်ဖို့ မျှော်လင့်ရပါတယ်။

မကြာသေးခင်က တရုတ်နဲ့ ရုရှားရေတပ်တွေဟာ သူတို့ရဲ့ စတုတ္ထမြောက် ပင်လယ်ပြင်မှာ ပူးတွဲကင်းလှည့်မှု ဆောင်ရွက်ခဲ့တယ်လို့လည်း CCTV ရုပ်သံက ဖော်ပြခဲ့ပါတယ်။