တရုတ်ရဲ့ DeepSeek AI chatbot ဟာ အမေရိကန် နည်းပညာလုပ်ငန်းကို လှုပ်နှိုးတဲ့ အချက်ပေးသံလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ ကုန်ကျစရိတ်သက်သာတဲ့ DeepSeek ပေါ်ပေါက်လာမှုဟာ ဟာ Wall Street ဘဏ္ဍာရေးစျေးကွက်ကို ဂယက်ထစေခဲ့ပြီး AI လုပ်ငန်းကြီးဖြစ်တဲ့ နီဗီဒီကို စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ (၅၀၀) ဆုံးရှုံးနစ်နာစေခဲ့ပါတယ်။

တနင်္လာနေ့က ရှယ်ယာစျေးကွက်ဖွင့်ချိန်မှာလည်း တခြား နည်းပညာလုပ်ငန်းတွေရဲ့ ရှယ်ယာတန်ဖိုးတွေဟာ နက်ရှိုင်းစွာ ကျဆင်းသွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ မရိုးသားတဲ့ အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကို ကြုံတွေ့ခဲ့ရကြောင်း DeepSeek ဘက်ကလည်း ထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံ ရှယ်ယာစျေးကွက်မှာလည်း နည်းပညာလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ရှယ်ယာတွေ တနင်္လာနေ့က ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး တရုတ် ၊ တောင်ကိုရီးယား နဲ့ တရုတ်တိုင်ပေ တို့မှာတော့ တရုတ်နှစ်သစ်ကူး အားလပ်ရက်ကြောင့် စတော့စျေးကွက် ပိတ်ထားနေချိန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ အများပြည်သူတွေကို မိတ်ဆက်လာခဲ့တဲ့ DeepSeek အက်ပ်ဟာ ChatGPT အပါအဝင် ပြိုင်ဘက် အက်ပ်တွေကို ကျော်လွန်ပြီး အမေရိကန်မှာ ဒေါင်းလုပ်အများဆုံး လုပ်တဲ့ အက်ပ်ဖြစ်လာခဲ့တာပါ။ အဲဒီအက်ပ်ကို ပြိုင်ဘက် အက်ပ်တွေ ပြိုလဲအောင် ဖန်တီးထုတ်လုပ်ခဲ့တာလို့ သတင်းတွေ ထွက်ပေါ်နေပြီး အနာဂတ်မှာ အမေရိကန် ရဲ့ AI နယ်ပယ်အပေါ် ကြီးစိုးလွှမ်းမိုးရေး နဲ့ အဲဒီနယ်ပယ်ထဲ အမေရိကန်လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံရေး အစီအစဉ်တွေအပေါ်မှာ မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။