ရာဇ၀တ်မှုတွေကို ထောက်လှမ်း ဟန့်တားနိုင်တဲ့ AI စွမ်းရည်သုံး မောင်းသူမဲ့ အလိုအလျောက်မောင်း စက်လုံးပုံ ကင်းလှည့်စက်ရုပ်ကို တရုတ်နိုင်ငံမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ လူသားရဲတွေနဲ့အတူ အဲဒီစက်ရုပ် ကင်းလှည့် နေတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံခဲ့ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က တရုတ်စက်ရုပ်ကုမ္ပဏီ Logon Technology ဟာ အန္တရာယ်ရှိ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေမှာ လူသားတွေကို ကူညီဖို့နဲ့ အစားထိုးဖို့ ဒီဇိုင်းထုတ်ထားတဲ့ RT-G မောင်းသူမဲ့စက်ရုပ်ကို ပြသခဲ့ပါတယ်။ကုန်းပေါ်မှာရော ရေမှာပါ လည်ပတ်သွားလာနိုင်တဲ့ စက်ရုပ်ဟာ အမြန်နှုန်း တစ်နာရီကို ၃၅ ကီလိုမီတာနှုန်းအထိ ရွေ့လျားနိုင်ပြီး ၄ တန် အင်အားနဲ့သက်ရောက်မှုအထိ ထိခိုက်ပျက်စီးမှုဒဏ် ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

ပရိုမိုးရှင်းဗီဒီယိုတစ်ခုမှာတော့ RT-G ကို ရေပြင်၊ ကြမ်းတမ်းတဲ့မြေပြင်နဲ့ ရွှံ့နွံတွေမှာ သွားလာနေတာ တွေ့နိုင် ပေမယ့် လူအများအာရုံကို ဖမ်းစားနိုင်မှသာ မြို့ပြမှာ ဥပဒေစိုးမိုးရေးအတွက် ကင်းလှည့်ဖို့ သုံးနိုင်မှာ ဖြစ်ပါတယ်။လှေကားနဲ့ တခြားအတားအဆီးတွေကို မကျော်နိုင်ဘဲ အကန့်အသတ်နဲ့သာ ရွေ့လျားနိုင်စွမ်းရှိတဲ့အပေါ် ဝေဖန်နေ ကြပေမယ့် အဲဒီစက်ရုပ်ဟာ AI စွမ်းအင်သုံး ကင်မရာတွေနဲ့ ပတ်ဝန်းကျင်က အနှောင့်အယှက်တွေ ဒါမှမဟုတ် မူမမှန်မှုတွေကို ထောက်လှမ်းနိုင်ပါတယ်။

မျက်နှာမှတ်မိမှုဆော့ဖ်ဝဲကြောင့် ရာဇ၀တ်ကောင်တွေကို အလွယ်တကူ သိရှိနိုင်ပြီး လူသားရဲက ဖမ်းဆီးနိုင်အောင် အကူအညီပေးနိုင်သလို စက်ရုပ်ကိုယ်တိုင်ကသံသယရှိသူတွေကို တိုက်မိစေတာ၊ တပ်ဆင်ထားတဲ့ အရှင်ဖမ်းလက်နက်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကို လုပ်နိုင်တယ်လို့ သိရပါတယ်။