ပနားမားတူးမြောင်းမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ပနားမားနိုင်ငံအနေနဲ့ ချက်ချင်း ပြောင်းလဲပစ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တောင်းဆိုလိုက်ပါတယ်။ ပနားမားအနေနဲ့ လှုပ်ရှားဆောင်ရွက်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် နှစ်နိုင်ငံ ကြားနေသဘောတူစာချုပ်ပါ အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် ယူအက်စ်အနေနဲ့ လိုအပ်တဲ့ အရေးယူမှုတွေကို ပြုလုပ်ရလိမ့်မယ်လို့ အမေရိကန် ထိပ်တန်းသံတမန် ရူဘီယိုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ပနားမားမြို့မှာ ပနားမားသမ္မတ ဂျု့စ် ရာအူးလ် မူလီနိုနဲ့ ရူဘီယိုတို့ နှစ်နာရီကြာ တွေ့ဆုံမှုအပြီးမှာ ရူဘီယိုက အခုလို ပြောဆိုခဲ့တာပါ။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရာမှာ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုအတွင်း သူတို့နှစ်ယောက်ကြား နားလည်မှု ကွာခြားပုံရတာကိုလည်း တွေ့ရပါတယ်။ မူလီနိုက တူးမြောင်းကို ကန်စစ်တပ်က သိမ်းပိုက်မဲ့ လေးနက်တဲ့ ခြိမ်းခြောက်မှုမျိုး မတွေ့မိကြောင်းနဲ့ တရုတ်ဩဇာ လွှမ်းမိုးမှုနဲ့ စပ်လျဉ်းပြီး မစ္စတာ ထရမ့်ရဲ့ စိုးရိမ်ပူပန်မှုကို ဆွေးနွေးမှုတွေကနေတစ်ဆင့် ဖြေရှင်းသွားဖို့ အဆိုပြု သွားပါတယ်။

တူးမြောင်းကို ပြန်လည်သိမ်းယူမဲ့ ထရမ့်ရဲ့ ကြုံးဝါးမှုအပေါ် ပြင်းထန်တဲ့တုံ့ပြန်မှုတွေ ဖြစ်ပေါ်နေပြီး သောကြာနေ့ က ပနားမားမြို့မှာ ဆန္ဒဖော်ထုတ်သူတွေက ထရမ့်နဲ့ ရူဘီယိုတို့ရဲ့ ပုံတူတွေကို မီးရှို့ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေက ရရှိခဲ့တဲ့ ကြားနေစာချုပ်အရ ပနားမားတူးမြောင်းကို တကယ်တော့ ပနားမားအစိုးရကပဲ ပိုင်ဆိုင်တာပါ။ ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေဟာ တူးမြောင်းအနီးတစ်ဝိုက်က ဆိပ်ကမ်းတွေနဲ့ သင်္ဘောဆိပ်တွေမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်မှု ရှိနေပါတယ်။ တူးမြောင်းဝင်ပေါက်အနီးမှာရှိတဲ့ ဆိပ်ကမ်းငါးခုမှာ နှစ်ခုကို တရုတ်ဟောင်ကောင် အခြေစိုက် ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲနေတာဖြစ်ပါတယ်။